အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                     ဖေဖော်ဝါရီ ၂၀

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း အမှတ် စဉ် (၁/၂၀၂၅) ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း) တွင် ဝန်ကြီးဌာန၏ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေး ရည်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်လိုအပ်ချက်များသော အလုပ်အကိုင် များဖြစ်သည့် ဂဟေဆက်သင်တန်း၊ ဂဟေဆက် (မွမ်းမံ) သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်း၊ လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်း၊ မော်တော်ယာဉ်စက်ပြင်၊ ဆိုလာတပ်ဆင်ခြင်း၊ စားသောက်ဆိုင်ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးအလုပ်အကိုင် သင်တန်းများကို ဖွင့်လှစ်ပို့ချ ပေးနေကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သင်တန်း (၁၇) ကြိမ် ဖွင့်လှစ်၍ သင်တန်းဆင်း (၄၄၈) ဦး ရှိကြောင်း၊ ဘဏ္ဍာနှစ်အတွင်း ကျန်ကာလ၌ သင်တန်းများ လျာထားချက်အတိုင်း ဖွင့်လှစ် နိုင်ရေး  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မိတ်ဖက်ဌာနများနှင့် လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် စီမံ ဆောင်ရွက်ထားကြောင်း၊ ယခုဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ရန်ကုန် တိုင်းဒေသကြီးရှိ အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှု သင်တန်း (၃၀) ကြိမ် ဖွင့်လှစ်၍  သင်တန်းသား (၇၅၀) ဦး မွေးထုတ်ပေးရန် လျာထားကြောင်း  ရှင်းလင်းတင်ပြသည်။

          ဒုတိယဝန်ကြီးက သင်တန်းဆင်းများနှင့် လုပ်ငန်းခွင်ရှိ ကျွမ်းကျင်လုပ်သားများအနေဖြင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ရယူနိုင်ရေး ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်များ၊ အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်  လိုအပ်သည့် ကျွမ်းကျင်မှုသင်တန်းများကို နှစ်စဉ်တိုးမြှင့်ဖွင့်လှစ်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းဆင်းများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိစေရေး မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းမှ သင်တန်း သားများနှင့်တွေ့ဆုံ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးသည့် စာပေပညာနှင့် လက်တွေ့သင်ခန်းစာများကို နာယူစိတ်ဖြင့် လေ့လာသင်ယူကြရန်နှင့် လက်တွေ့ လုပ်ငန်းခွင် များတွင် ထိရောက်စွာ ပြန်လည်အသုံးချ လုပ်ကိုင်ကြရန်၊ မိမိတို့ အလုပ်အပေါ် သစ္စာစောင့်သိ၍ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု တို့ဖြင့် ကုန်ထုတ်စွမ်းအားနှင့်ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။