ညောင်ဦးမြို့ နိုဝင်ဘာ ၃
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ညောင်ဦးမြို့နယ်၊ ညောင်ဦးသံတဲဝန်း၊ ပျူစောထီးလမ်း၊ အမှတ်(၃) ရပ်ကွက်ရှိ Sanon Assessment Center သို့ ရောက်ရှိ၍ ဟိုတယ်စားပွဲထိုး (Waiting Staff) Level-1 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဟိုတယ် လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်။
Assessment Center တာဝန်ခံက ၂၀၁၉ ခုနှစ်မှစတင်၍ Assessment Center ကို NSSA ၏ ဟိုတယ်အလုပ် အကိုင်ဆိုင်ရာ ဟိုတယ်စားပွဲထိုး (Waiting Staff) Level 1 စစ်ဆေးအကဲဖြတ်ရေး ဌာနအဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားအဆင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခံယူ၍ အရည်အချင်းပြည့်မီသူ (၆၁) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဖြေဆိုသူ (၂၆) ဦးကို စစ်ဆေး အကဲဖြတ်၍ စဉ်ဆက်မပြတ် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အရည်အချင်းပြည့်မီသူ (၇၅) ဦးကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရန် လျာထားကြောင်း တင်ပြခဲ့ပါသည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(NSSA)အနေဖြင့် လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ Level 1 အလုပ်အကိုင် (၈) မျိုး၊ Level 2 အလုပ်အကိုင် (၈) မျိုးနှင့် Level 3 အလုပ်အကိုင် ၂ မျိုး၊ စုစုပေါင်း အလုပ်အကိုင် (၁၈) မျိုးအတွက် ကျွမ်းကျင်မှုစံများ အတည်ပြုထားပြီး ၂၀၁၄ ခုနှစ်မှ ယနေ့ထိ ဟိုတယ်စားပွဲထိုး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် ဧည့်ကြိုအလုပ်အကိုင် (၃) မျိုးတွင် သတ်မှတ်အရည်အချင်းကိုက်ညီသူ (၁၄၈၅) ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း၊
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် အသိအမှတ်ပြု လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ Sanon Assessment Centerအနေဖြင့် NSSA လုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးရန်၊ ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ အလုပ်ရှာဖွေသူများ အတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းနှင့် အရည်အသွေးရှိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနတည်ထောင်၍ စဉ်ဆက်မပြတ် ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။