အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                          နိုဝင်ဘာလ ၁၄

          အလုပ်သမားဝန်ကြီးဌာန၊ ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဝန်ကြီးဌာန၏ ရုံးရှေ့မြက်ခင်းပြင်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊အားကစား သမားများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်းစွမ်းမှုရရှိစေရေး၊ ဝန်ထမ်း အချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ် ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ထုပ်ဆီးတိုး အားကစားပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအားကစားနည်းများကို လေ့လာရာတွင် တိုင်းရင်းသား မျိုးနွယ်စုများထံမှ ပေါက်ဖွားလာသည့် အားကစားနည်း၊ မြန်မာ့ကျေးလက်တောရွာများမှ ပေါက်ဖွား လာသည့် အားကစား နည်းနှင့် မြန်မာ့နန်းတွင်း/ နန်းတွင်းသားများထံမှ ပေါက်ဖွားလာသည့် အားကစားနည်းဟူ၍ ကစားနည်းများရှိခဲ့ပါကြောင်း၊ နိုင်ငံတကာရိုးရာ အားကစားနည်းများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာရိုးရာအားကစား သရုပ်ပြပွဲတော် များတွင် မြန်မာ့ရိုးရာ အားကစားနည်း ပြသခွင့်ရရှိစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသည် ထုပ်ဆီးတိုး ဒိုင်/နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ အားကစား သမား ဝန်ထမ်းများက အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ တရားသောယှဉ်ပြိုင်ခြင်းဖြင့် စိတ်အား တက်ကြွစွာ ပါဝင် ယှဉ်ပြိုင် ခဲ့ကြမှု အား အလွန်ပင်ဝမ်းမြောက်မိပါကြောင်းနှင့် အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် နှင့်နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန အဆင့်ပြိုင်ပွဲများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဖြစ်အောင် ဆက်လက်ကြိုးစား၍ နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်သွား ကြရန်ပြောကြားခဲ့ပါသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်အနားအား ကျင်းပခဲ့ရာ ပထမရရှိသည့် အသင်းအား ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း၊ ၊ ဒုတိယဆုရရှိသည့်အသင်းအား အမြဲတမ်းအတွင်းဝန်မှ လည်းကောင်း၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ညွှန်ကြားရေးမှူးချုပ်များမှ ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။