နေပြည်တော် နိုဝင်ဘာ ၁၁
အလုပ်သမားဝန်ကြီးဌာန၊ ထုပ်ဆီးတိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အလုပ်သမားဝန်ကြီး ဌာန၊ ရုံးအမှတ် (၅၁) ရုံးရှေ့ မြက်ခင်းပြင်၌ ၁၁-၁၁-၂၀၂၄ ရက်နေ့ (၁၄:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများ ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံး များမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်းစွမ်းမှု ရရှိစေရေး၊ ဝန်ထမ်း အချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ထုပ်ဆီးတိုးအားကစား ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထုပ်ဆီးတိုးအားကစားပြိုင်ပွဲကို ၁၁-၁၁-၂၀၂၄ ရက်နေ့မှ ၁၄-၁၁-၂၀၂၄ ရက်နေ့အထိ ဝါသနာရှင်ဝန်ထမ်း အားကစားသမားများမှ ပြိုင်ပွဲဝင်အသင်း(၇)ဖြင့် စုစုပေါင်း (၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင် ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်အရ လူတိုင်းအတွက် သက်ရှည်ကျန်းမာရေးသည် အဓိကကျပြီး အားကစား ပြုလုပ် ခြင်းကြောင့်ရရှိသည့် ပထမဆုံး အကျိုးကျေးဇူးသည် မိမိတို့၏ တစ်ကိုယ်ရည် ကျန်းမာရေး ကောင်းကျိုးရရှိခြင်း ဖြစ်ပြီး ထိုမှတစ်ဆင့် အသင်းအဖွဲ့နှင့် အချင်းချင်း စည်းလုံးညီညွတ်၍ စုပေါင်း လုပ်ဆောင်တတ်သည့် စိတ်ဓာတ်ရရှိစေမည် ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနရှိ အားကစားဝါသနာရှင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စုပေါင်းဆောင်ရွက်တတ် သည့် စိတ်ဓာတ် တို့ကို ဖော်ထုတ်ပြီး အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အားကစားသမားများကို လိုက်လံနှုတ်ဆက်ကာ ထုပ်ဆီးတိုးအားကစားပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများမှ အားပေးကြည့်ရှုခဲ့ကြပါသည်။