အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့                                                                                                 ဇူလိုင်လ  ၁၄

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများ     လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)တွင် Ultrasound စက်ရိုက်ကူးသည့်အခန်း ပြင်ဆင်ထားရှိမှုနှင့် Ultrasound စက်အသစ်ဖြင့် အာမခံအလုပ်သမားလူနာများကို ရောဂါရှာဖွေရိုက်ကူးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဆေးရုံမှတာဝန်ရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိ သူများအား လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးရန်၊ ‌ဆေးကုသရာတွင် လိုအပ်သော ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်နှင့် ‌ခွဲစိတ်ကုသရာတွင် လိုအပ်သော ဆေးပစ္စည်းများနှင့် စက်ပစ္စည်းများ တင်ပြတောင်းခံသွားရန်နှင့် ဆေးကုသမှုလုပ်ငန်းများ ပိုမိုထိရောက်စေရေး အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် အထွေထွေရောဂါ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ ရောဂါဗေဒ ပြင်ပလူနာဌာနများ ဖွင့်လှစ်ထားရှိပြီး အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသည့်အပြင် ကျောက်ကပ်သွေးကြော သန့်စင်ခြင်းကို အစိုးရရုံးပိတ်ရက်မပါ နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် အလုပ်သမားဆေးရုံကြီးဖြစ်စေရန်၊ အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများမှ တာဝန်ခံအရာရှိများအား တွေ့ဆုံ၍ ဝန်ကြီးဌာနသည် ဝန်ထမ်းများ လုပ်ဆောင်ချက်မှတဆင့် အဆင့်အတန်းမြင့်သော ဝန်ကြီးဌာနတစ်ခုအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံး ဝန်ကြီးဌာနတိုးတက်စေလိုသော စိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတွင် ခေတ်စနစ်နှင့် မညီသော အလုပ်သမားဥပဒေများကို ပြင်ဆင်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအတွင်းရှိ ရုံးများ၊ ကျောင်းများ၊ ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လုပ်သားထုအား ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရေးအတွက် အစဉ် စဉ်းစားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်မည့် သင်တန်းသား အိပ်ဆောင်ဆောက်လုပ်ရန်အတွက် လက်ရှိအဆောက်အဦဟောင်း ဖျက်သိမ်းဆောက်လုပ်မည့် နေရာအား ကြည့်ရှု၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီပြီးစီးရေး အလေးထားဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။