ရန်ကုန် ဇူလိုင် ၂၁
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမား (၂၀၀)ဦးခန့်အား တွေ့ဆုံပြီး အလုပ်သမား ဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည့် အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေးအကျုံးဝင်အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့အတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး တက် ရောက်လာသူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)၌ အလုပ်အကိုင်ရှာဖွေနေသော လူငယ်များ အလုပ်အကိုင်တိုးတက်ရရှိစေရေး၊ လုပ်သားများ လုပ်ငန်းကျွမ်းကျင်မှုရရှိစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ် သည့် မော်တာထိန်းချုပ်မောင်းနှင်ခြင်းဆိုင်ရာ လျှပ်စစ်သင်တန်းသင်တန်းအမှတ်စဉ် ၁/၂၀၂၆ သင်ကြား နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းမြစ်များရှိရန် လိုအပ်ကြောင်း၊ အရည်အသွေးရှိသော ကျွမ်းကျင်လုပ်သားများ များပြားလာခြင်းသည် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင် ကြောင်း၊ ယနေ့သင်ယူသော ကျွမ်းကျင်မှုသည် မနက်ဖြန်အတွက် မိသားစုဝင်ငွေ တိုးတက်စေ နိုင်သော အရင်းအနှီးတစ်ခုဖြစ်လာနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အနာဂတ် တည်ဆောက်ရေးတို့တွင်လည်း ပါဝင်အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ မော်တာထိန်းချုပ်မောင်းနှင် ခြင်းနည်းပညာ (Motor Control)စနစ်သည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိ ကြောင်း၊ Motor Control ကို ကျွမ်းကျင်စွာတတ်မြောက်ထားသူသည် စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ အရာထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းတစ်ဦးချင်းအလိုက် မိမိတို့၏ ရာထူးတာဝန်ကိုသာမကပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဂုဏ်သိက္ခာကို လည်းကိုယ်စားပြု နေကြောင်း၊ အဂတိတရားကင်းရှင်းပြီးပြည်သူကိုလေးစားသောစိတ်ဓါတ်တို့ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိဌာနမှစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာကျင့်သုံးနိုင်ပါက အလုပ်ရှင်၊ အလုပ်သမားများ၏ ယုံကြည်မှုကို တည်ဆောက်ကာ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ရှိ Dong Long Garment အထည်ချုပ်စက်ရုံ အလုပ်သမားများနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ဘေးအန္တရာယ် ကင်းရှင်း၍ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါများ လျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျခဲ့သောဆေးဖိုးကုန်ကျငွေများကို ပြန်လည်ပေးအမ်းနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါစက်ရုံတွင် လူမှုဖူလုံရေး အဖွဲ့မှ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ကွင်းဆင်း ဆေးကုသပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် စက်ရုံရှိ အလုပ်သမား (၃၀၀)ဦးခန့်အား လူမှုဖူလုံရေးအဖွဲ့မှ ဆရာဝန်များ၊ သူနာပြုများဖြင့် ဆေးကုသဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

