အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                              ဩဂုတ် ၂၁

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယနေ့နံနက်ပိုင်း တွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၃/၂၀၂၅) နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇)ကျောင်းကို တည်ထောင်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊s

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းကော်မတီ (၈)ရပ် ဖွဲ့စည်းကာ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

သင်တန်းတက်ရောက်နေသူများအနေဖြင့် သင်ကြားပို့ချပေးသည့် စာတွေ့အသိပညာ ဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာမှတ်သားကြရန်၊ လုပ်ငန်းခွင် များတွင် ပြန်လည်အသုံးချ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူးဆောင် ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားလုပ်ကိုင်ဆောင်ရွက်ကြ ရန် မှာကြားခဲ့ပြီး သင်တန်းတက်ရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြော ကြား၍ သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ လူမှုဖူလုံရေး အဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံ အုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ ယုံကြည်အားထား ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ် နိုင်ရန်လိုအပ်ကြောင်း၊ အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန် အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ပိုမိုထိရောက်ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက် ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှုအခြေအနေများ၊ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများအား ထောက်ပံ့ငွေများ ပေးအပ်၍ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)တွင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) ထုတ်ပေးနေမှုလုပ်ငန်းစဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ အဆိုပါသင်တန်းကျောင်းတွင် အထည်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လျှပ်စစ်ကျွမ်းကျင်မှုအဆင့်(၁) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များအား ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ကန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (CVT) သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်သည့် သက်မွေးပညာသင်တန်းများ တက်ရောက်ခြင်းဖြင့် ဝင်ငွေတိုးမြင့် ရရှိလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် သင်တန်းများကို စဉ်ဆက်မပြတ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ သင်တန်းအရည်အသွေး တိုးတက်မြင့်မားရေးအတွက် သင်တန်းနည်းပြများ အား ခေတ်နှင့်လျော်ညီသော အတတ်ပညာများဖြင့် သင်ကြားပို့ချနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။