ရန်ကုန် ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့ နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ တာဝန်ရှိ သူများနှင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် MOEAA မှ နိုင်ငံအလိုက်ခေါင်းဆောင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ မြန်မာ လုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည့် နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် (SOP)များနှင့်အညီ စိစစ်ခွင့်ပြုစေလွှတ်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းလုပ်သားရှားပါးမှု၊ နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုတို့ကို လျော့ချနိုင်ရေးအတွက် ပြည်ပမှ အလုပ်လုပ်ကိုင်ပြီး သက်တမ်းပြည့်၍ ပြန်လည်ရောက်ရှိလာ သော အရေအတွက်နှင့် အသစ်စေလွှတ်ရမည့် လုပ်သားအရေအတွက်ကို နှိုင်းယှဉ်ကာ စေလွှတ် နေခြင်းဖြစ်ပါကြောင်း၊ ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများနှင့်ပတ်သက်၍ အေဂျင်စီများ၏ အခက်အခဲများကို တင်ပြစေလိုကြောင်း၊ အေဂျင်စီများအနေဖြင့် အလုပ်သမားများအား စေလွှတ် ရာတွင် လုပ်ခလစာ အကျိုးခံစားခွင့်များပြားသည့် နိုင်ငံများသို့ စေလွှတ်နိုင်ရေး ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ MOEAA အဖွဲ့၏ ဖွဲ့စည်းပုံ မှန်ကန်စေရေး၊ အဖွဲ့မှ နှုတ်ထွက်သူများ ရှိပါက ပြန်လည်ရွေးချယ်ရေး၊ နိုင်ငံအလိုက်ခေါင်းဆောင်များမှ အေဂျင်စီများအပေါ် မှန်ကန်သော ဦးဆောင်မှုပြုရေး၊ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ်(SOP)များနှင့်အညီ လိုက်ပါဆောင်ရွက်ပေးရေးနှင့် MOEAA အဖွဲ့အတွင်း အချင်းချင်းယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် MOEAA မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံအလိုက် ခေါင်းဆောင်များက ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အချက်များအား ဆွေးနွေး တင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ Yun Nadi Oo Co., Ltd ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသားများအား စာတွေ့လက်တွေ့ သင်ကြားပို့ချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံမှ သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် NSSA မှ ရေးဆွဲထား သည့် ကျွမ်းကျင်မှုစံများနှင့်အညီ သင်ကြားလျက်ရှိသည့် ပုဂ္ဂလိကသင်တန်းကျောင်းများကို NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိ ကြောင်း၊ သင်ကြားပို့ချသည့်သင်တန်းများမှ အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် သင်တန်းဆင်းများအား သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး အလုပ်ရှင်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။
ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်း မြို့နယ်၊ ဘဝမြင့်ရပ်ကွက်ရှိ နည်းပညာအထောက်အကူပြုရုံး(ရန်ကုန်)သို့ ရောက်ရှိပြီး နည်းပညာ အထောက်အကူပြုရုံး(ရန်ကုန်)၊ ပြည်ပအလုပ်အကိုင်စာချုပ်ချုပ်ဆိုရေးအဖွဲ့ရုံးနှင့် လူမှုဖူလုံရေး ဆေးခန်း (သင်္ဃန်းကျွန်း)တို့ ပူးတွဲဖွင့်လှစ်ထားမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်) တာဝန်ခံက နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်)အား ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တွင် စတင်ဖွင့်လှစ်သည့် အခြေအနေ၊ အလုပ်သမားဝန်ကြီးဌာနနှင့် CVT Myanamar တို့ နားလည်မှုစာချွန်လွှာသက်တမ်း ကုန်ဆုံးပြီးနောက် CVT Myanamar မှ ဝန်ကြီးဌာနသို့ ရုံးနှစ်ထပ်အဆောက်အဦနှင့် လက်တွေ့ စာသင်ဆောင် နှစ်ထပ်အဆောက်အဦများ လွှဲပြောင်းပြီးနောက် ရုံးပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် အခြေအနေများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများနှင့်ချိတ်ဆက်၍ သင်တန်း ဖွင့်လှစ်ပို့ချခဲ့မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နည်းပညာ အထောက်အကူပြုရုံး(ရန်ကုန်)အနေဖြင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ အပြင် လစ်လပ်နေသည့်လက်တွေ့စာသင်ဆောင်များ အကျိုးရှိရှိအသုံးချနိုင်ရေး လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများသည့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းတိုးတက် ရရှိရန်နှင့် အလုပ်ရှာဖွေနေသူများအား အလုပ်အကိုင်ရရှိရေး ပိုမိုချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ပြည်တွင်း အလုပ်အကိုင်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့်ပူးပေါင်း၍ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ပြည်တွင်းအေဂျင်စီများမှ တာဝန်ရှိသူ များက ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

