ရန်ကုန်မြို့ ၁၅-၂-၂၀၂၅
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင် မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)တွင် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသည် အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပနိုင်ငံများ၌ မြန်မာလုပ်သား များ အလုပ်အကိုင်ရရှိရေး၊ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအကြား ဆက်စပ်ဆောင်ရွက် ပေးနေရသော အသင်းဖြစ်သောကြောင့် ဝန်ကြီးဌာနအတွက် အရေးကြီးသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများအား ပြည်ပနိုင်ငံများသို့ တရားမဝင်ပို့ဆောင်မှုများ၊ လူကုန်ကူးမှုများကို တားဆီးနိုင်ရန်နှင့် ပပျောက်သွားရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများ၊ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရန်လည်း တာဝန်ရှိ ကြောင်း၊ မြန်မာလုပ်သားများ အလုပ်အကိုင်ရရှိရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများသည် လက်ခံနိုင်ငံများ၏ ကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေရသဖြင့် စနစ်တကျ ဖွဲ့စည်းထားသော ကုမ္ပဏီများဖြစ်ရန်၊ သတ်မှတ်ထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာဆောင်ရွက်စေရန်နှင့် ကုမ္ပဏီမှ စေလွှတ်ခဲ့သော မြန်မာလုပ်သားများအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း၊ခေတ်နှင့်လျော်ညီသည့် လုပ်ငန်းစဉ်စနစ်များကို လေ့လာပြီး အားသာချက် အားနည်းချက်များ ရှာဖွေဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဖွဲ့ဝင်ကုမ္ပဏီများ၏ တင်ပြချက်များအပေါ် စိတ်ရှည်သည်းခံ ထိန်းညှိ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိနိုင်ငံ၊ မိမိအဖွဲ့အစည်း၊ မိမိလုပ်သားများ ဂုဏ်သိက္ခာရှိစွာဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အလုပ်အမှု ဆောင်အဖွဲ့ဝင်များမှ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)ရှိ အဲယားကွန်းပြုပြင်ထိန်းသိမ်းရေးခန်းမ၊ လျှပ်စစ်ကျွမ်း ကျင်မှု သင်တန်းခန်းမ၊ မော်တော်ယာဉ်ပြုပြင်ရေးသင်တန်းခန်းမတို့အား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံ(ထန်းတပင်)သို့ သွားရောက်၍ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး နှင့် ဝန်ထမ်းများအားတွေ့ဆုံကာ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် အလုပ်သမားဆေးရုံကြီးတစ်ခုဖြစ်စေရေး၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကုသရေးလုပ်ငန်းသုံး ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်းတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာ ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေ ရန်အတွက် အလုပ်ရှင်၊အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးရှိ အတွင်းလူနာကုသပေး သည့်ကုသဆောင်နှင့် လူနာဆောင်များသို့လည်းကောင်း၊ ခွဲစိတ်ခန်းနှင့် အောက်ဆီဂျင်စက်ရုံဝန်း အတွင်းသို့အတွင်းသို့လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်နေသည့် အာမခံအလုပ်သမား များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာစက်မှုဇုန်ရှိ Myanmar I-Tex Garment အထည်ချုပ်စက်ရုံသို့သွားရောက်ကာ ဖွဲ့စည်းထားရှိသည့် စက်ရုံတွင်း WCC အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်စေရန်အတွက် အလုပ်ရှင်၊အလုပ်သမား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် မှာကြားပြီး စက်ရုံတာဝန်ရှိသူများကို အလုပ်သမားများအား အချိန်ပိုခိုင်း စေခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေပါ ခံစားခွင့်များ၊ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(EC)ဆိုင်ရာ ကိစ္စရပ်များအား ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။