အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                       ဖေဖော်ဝါရီ ၁၇   

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားချုပ်ရေးမှူးချုပ်က ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များ၏ အခြေခံလိုအပ်ချက်ဖြစ်သော နေထိုင်ရေးအတွက် လိုအပ်သောပြင်ဆင် မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းအိမ်ရာ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်အတွက် အထူး ဂရုပြုကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတွင် သင်တန်းသားလုပ်သားများကို အားပေးစကားပြောကြား၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ပြည်ပသို့ အလုပ်သွား ရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအတွက် E-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic Data)ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်း လုပ်ငန်းစဉ်များ၊ နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးရေး လုပ်ငန်းစဉ်များ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအရာရှိများက လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများ ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစုတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိ အစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် OWIC ကတ် ထုတ်ပေးခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ OWIC ကတ် ထုတ်ပေးရေးဌာနတွင် OWIC ကတ်  စိစစ်ခွင့်ပြုထုတ်ပေးလျက် ရှိပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယား သမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများ စေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ် လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့သို့ ၁၀,၆၁၁ ဦး စေလွှတ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁,၀၀၀ ဦးခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ပြီး ဆက်လက်၍ သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရန်နှင့် လုပ်သားများ ပိုမိုစေလွှတ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

 ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့်ဖြစ်စေ၊ မိမိအစီအစဉ် ဖြင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)တို့တွင် သင်တန်းသား ကျား ၃၁၉,၃၃၂ ဦး၊ မ ၁၂၅,၅၉၆ ဦး၊ စုစုပေါင်း ၄၄၄,၉၂၈ ဦးအား သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံကြီးအတွင်း တိုးချဲ့ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိသော ပြင်ပလူနာဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဆေးရုံကြီးတွင် အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေနှင့် အလုပ်သမားဆေးရုံကြီး၌ Ward အားလုံး ဖွင့်လှစ်နိုင်မှုအခြေအနေ တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ  အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးရုံရှိ တာဝန်ရှိသူများအနေဖြင့်လည်း စေတနာထား၍ အားထည့်ဆောင်ရွက် ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထား ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များ ဖြစ်သည့်အတွက် ကျင့်ဝတ် စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန် အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန် အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်၊ တစ်လလျှင် ကျောက်ကပ် ဆေးလူနာ (၅၀) ဦးခန့် ဆေးကြောကုသပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်  လမ်းညွှန် မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။