အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                    ဒီဇင်ဘာ ၁၁

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာန များမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဘေးမခဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရေး မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမားရေးစောင့်ရှောက်မှု များနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆)မျိုး အနက် (၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့်(၁၅)မျိုးအား  ဆောင်ရွက်ပေး လျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလျက်ရှိပါကြောင်းနှင့်  အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေး ဝန်ဆောင်မှုထောက်ပံ့ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၂၄) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၂၈) ခန်း၊  Specialist OG OPD ပြသနိုင်သောဆေးခန်း (၁၉) ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂) ခန်းတို့ ဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၉၀၄,၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး (၂) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂၂) ခန်း၊ ဌာနကြီးဆေးခန်း (၁၈) ခန်း၊ စာချုပ်ဆေးခန်း (၃၅) ခန်း၊ တိုင်းရင်းဆေးကုခန်း (၁) ခန်း တို့ဖြင့် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမားလူနာ ၆၃၃,၃၆၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လူနာဦးရေ ၁၀၃,၀၇၃ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၇,၈၅၅.၇၇၈ သန်း ပေးအမ်းခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့သွားရောက်၍  ဂဟေဆက်သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းများ စာတွေ့၊ လက်တွေ့သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များတွင် နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် ရာတွင် လူသားအရင်းအမြစ်သည်အဓိကဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်း အမြစ်ကြွယ်ဝမှုအပေါ်တွင် မူတည်သည်ကိုလည်းတွေ့ရှိရပြီး စီးပွားရေးကောင်းမွန်အောင် လုပ်ဆောင် နိုင်သည့် လူသားအရင်းအမြစ်များပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း၊

          အလုပ်သမားဝန်ကြီးဌာအနေဖြင့် “စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက် သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေး၊ ခေတ်မီနိုင်ငံတော်တည်ဆောက် ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကိုဖွံ့ဖြိုးတိုးတက်စေရေး” တို့အတွက် မူဝါဒများချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် NSSA မှ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၂၅၆)ခုမှ အလုပ်အကိုင် (၄၀) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၂၄,၄၂၃) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊

          NSSA အနေဖြင့် ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများကို ကျွမ်းကျင်မှုအလိုက် အသိ အမှတ်ပြုလက်မှတ်များထုတ်ပေးနေရုံသာမက အာဆီယံဒေသတွင်းရှိ နိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံအချင်းချင်း ကျွမ်းကျင်မှုများအပြန် အလှန်အသိအမှတ်ပြုနိုင်ရေး (Mutual Recognition of Skills – MRS) ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အုတ်စီနှင့် အထည်ချုပ်အလုပ်အကိုင် များအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ အမှာစကားဆက်လက်ပြောကြားခဲ့သည်။

          ထို့နောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ UMFCC အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်နိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ တို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။