မန္တလေး အောက်တိုဘာ ၁၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်နောင်သည် ယနေ့နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုဇုန်နယ်မြေ၊ စက်မှုဆေးရုံဝန်းရှိ လူမှုဖူလုံရေး-ကုဋေဌေး အထွေထွေရောဂါကုဆေးခန်းနှင့် ကျောက်ဆည်မြို့နယ်၊ အောက်ချိုင့် ရပ်ကွက်၊ စုပေါင်းရုံးရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဘေးမခ ဆေးခန်းနှင့် ကုဋေဌေးဆေးခန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ဆေးခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးရှိ ဝန်ကြီးဌာနအောက်မှ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ် များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီးဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီး နိုင်ငံတော်အတွက်လည်း ကောင်းမွန်သည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အလုပ်သမားများအားဝန်ဆောင်မှုပေးရာတွင် စေတနာထား၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန်နှင့် ချေငံစွာဆက်ဆံရန်လိုအပ်ကြောင်း၊ ဝန်ထမ်း အချင်းချင်းစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်လူနာများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အလုပ်သမားဆေးရုံကြီး(မန္တလေး)အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပရာ ဆေးရုံအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance)စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေရေး မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား နှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစု ဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ်(၆)မျိုးအနက် (၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့်(၁၅)မျိုးအား ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလျက်ရှိပါကြောင်းနှင့် အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၂၆) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၂၅) ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း (၁၈)ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂)ခန်း၊ Mobile Medical Unit ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၁၁၅,၀၀၀)ကျော်ရှိပြီး အဆိုပါအာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမား ဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၁၃)ခန်း၊ ဌာနကြီးဆေးခန်း (၉)ခန်း၊ စာချုပ်ဆေးခန်း (၄)ခန်း တို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လထိ အာမခံ အလုပ်သမားလူနာ (၅၃,၈၆၂)ဉီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှုပေးခဲ့ပြီး လူနာဦးရေ (၉,၁၈၅)ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၁,၃၁၃.၀၇၈ သန်း ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
