အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                    ဖေဖော်ဝါရီ 

      မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီး တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်ဝန်ကြီးချုပ်မှ  နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိက ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ်ကြွယ်ဝမှုအပေါ်တွင် မူတည်သည် ကိုလည်း တွေ့ရှိရပြီး စီးပွားရေးကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ကြောင်း၊

          အလုပ်သမားဝန်ကြီးဌာနသည် လူ့စွမ်းအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေသော မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု“စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) တွင် Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထိ အလုပ်အကိုင် (၄၀) မျိုးတွင် ဖြေဆိုသူ (၂၇,၄၂၈) ဦး ဖြေဆိုခဲ့မှုအနက် (၂၅,၁၁၄) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လျာထားချက်ကျော်လွန်၍ အလုပ်အကိုင် (၂၈) မျိုးအတွက် လုပ်သား (၅,၇၇၄) ဦး စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား (၃,၅၀၀) ဦးကို စစ်ဆေးအကဲဖြတ်ရန် လျာထားခဲ့ရာ လက်ရှိအချိန်ထိ အလုပ်အကိုင် (၂၉) မျိုး အတွက် ဖြေဆိုသူ (၂,၇၃၅) ဦးတွင် အရည်အသွေးပြည့်မီသူ (၂,၅၃၄) ဦးကို ကျွမ်းကျင်လုပ်သား များအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်၍ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အလုပ်အကိုင် ၄၈  မျိုးအတွက် ဖြေဆိုသူ (၅,၀၀၀) ဦး စစ်ဆေးအကဲဖြတ်ရန် လျာထားကြောင်း၊

          ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အလုပ် အကိုင် (၅) မျိုး အတွက် ကျွမ်းကျင်လုပ်သား (၄၀၃) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း၊

          နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်မည့် TVET  အစီအစဉ်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေး နိုင်ရေး ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သက်ဆိုင်ရာ မိတ်ဖက်ဌာနများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အစည်းအဝေးများ ကျင်းပခဲ့ရာ MSME သင်တန်း (၃၇) မျိုး ပို့ချပေးနိုင်ရေး အဆိုပြုတင်ပြခဲ့သဖြင့် အဆိုပါ MSME သင်တန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှာ သက်ဆိုင်ရာ မိတ်ဖက်ဌာနများ၊ ကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်နိုင်ငံအင်ဂျင်နီယာ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ အသီးသီးပေး အပ်ခဲ့သည်။

          နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု Trade Wind Training Center သို့ ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံက Trade Wind Training Center သည် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် မှတ်ပုံတင်ခဲ့ပြီး ၂ နှစ်တစ်ကြိမ် သက်တမ်းတိုးခဲ့ကြောင်း၊  သင်တန်းကျောင်းတွင် အသက်မွေး ပညာကျွမ်းကျင်မှုသင်တန်းများဖြစ်သည့် Shield Metal Arc Welding (SMAW)၊ Gas Tungsten Arc Welding (GTAW) နှင့် Gas Metal Arc Welding (GMAW) သင်တန်းများကို ပို့ချပေး လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း Welding သင်တန်း (၃) မျိုးအတွက် သင်တန်းသား ၂၀၀ ဦးခန့်ကို မွေးထုတ်ပေးရန် လျာထားကြောင်း၊ Welding အလုပ်အကိုင် နှင့်ပတ်သက်၍ NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် လျှောက်ထားခဲ့ပြီးဖြစ် ကြောင်း ရှင်းလင်းတင်ပြပါသည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သား များမွေးထုတ်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်သည့် လုပ်သားများ ကျွမ်းကျင်မှုရှိစေခြင်းဖြင့် ကာယကံရှင်၊ အလုပ်ရှင်နှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချသည့် သင်တန်းများကို အရည်အသွေးပြည့်ဝသည့် သင်တန်း များ ဖြစ်စေရေးနှင့် မိမိတို့သင်တန်းဆင်းများအား သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေး အလုပ်ရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေး စေလိုကြောင်း၊ သင်တန်းဆင်းများ အနေဖြင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိ အမှတ်ပြု အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူ နိုင်ရေး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။