၂-၂-၂၀၂၄ ရက်နေ့၊ (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ၌ အလုပ်သမားရေးရာ ဥပဒေ အသိပညာပေးဆွေးနွေးပွဲကို အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ရွှေလင်ပန်းစက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီရုံး ဥက္ကဋ္ဌ ဦးအေးသောင်း၊ အတွင်းရေးမှူး ဦးအောင်နိုင်စိုး၊ ရုံးအဖွဲ့မှူး ဦးအောင်ငွေနှင့် ကိုယ်စားလှယ်များ၊ လှိုင်သာယာ (အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ အပါအဝင် ကျား (၄၆)ဦး၊ မ(၉၇)ဦး၊ စုစုပေါင်း (၁၄၃)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို ကောင်းစွာ သိရှိနားလည်ပါက အငြင်းပွားမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်အနေဖြင့်လည်း ဥပဒေပါ ခံစားခွင့်များ အပြည့်အဝပေးရန် လိုအပ်ပါကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြစ်ပွားလာပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှသာ အေးချမ်းသာယာသော လုပ်ငန်းခွင်ဖြစ်စေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာမှသာ ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်မှသာ အလုပ်သမားများ၏ လူမှုဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှုများ ဖြစ်ပွားလာပါက စက်ရုံတွင်း၌ ပြေလည်မှုရရှိအောင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)တွင် ကနဦးဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ WCC တွင် ပြေလည်မှုမရရှိပါက ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာဌာနများသို့ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အလုပ်သမားဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားများ သိရှိဆောင်ရွက်သင့်သည့်အချက်များကို သိရှိနိုင်ရေး ယခုလို အသိပညာပေးဆွေနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဦးစီးဌာန အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ လျော့နည်းရေးအတွက် နှီးနှောဖလှယ်ပွဲ များကို တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးကို မိသားစုဆက်ဆံရေးလို ပြုမူဆောင်ရွက်ပါက လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ဥက္ကဋ္ဌ ဦးအေးသောင်းက မိမိတို့နိုင်ငံတွင် ဝန်ကြီးဌာနများစွာရှိသည့်အနက် အလုပ်သမားဝန်ကြီးဌာနသည် အနွေးထွေးဆုံးနှင့် ထိတွေ့ ဆက်ဆံရမှု အများဆုံးဌာနဖြစ်ပါကြောင်း၊ မိမိတို့ဇုန်အတွင်းရှိ စက်ရုံများတွင် ပိုင်ရှင်များသာ နိုင်ငံခြားသားများဖြစ်သော်လည်း စီမံကြီးကြပ်နေကြသော မန်နေဂျာများ၊ HR များသည် မိမိတို့ နိုင်ငံသားများဖြစ်သည့်အတွက် မိမိကြီးကြပ်တာဝန်ယူရသည့် စက်ရုံများတွင် အလုပ်သမားကောင်း များစွာကို မွေးထုတ်ပေးကြရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်ကိုယ်စားလှယ်များအနေဖြင့် မိမိ စက်ရုံတွင် အခက်အခဲများရှိလာပါက ဇုန်ကော်မတီရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ အလုပ်သမားများအနေဖြင့် လက်ရှိအချိန်တွင် အလုပ်သမားများဖြစ်နေသော်လည်း နောင်တစ်ချိန်တွင် အလုပ်ရှင်များဖြစ်လာနိုင်ရေးအတွက် ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိများက ဦးစီးဌာနအလိုက် စည်းကြပ်လျက်ရှိသည့် အလုပ်သမား ဥပဒေများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြ သော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ် များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တိုင်းဒေသကြီးတာဝန်ခံအရာရှိများက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် စည်းကြပ်သည့်ဥပဒေများအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အနေဖြင့် ယခုကျင်းပပြုလုပ် သည့် အသိပညာပေးဆွေးနွေးပွဲမှ ဆွေးနွေးခဲ့သည့် ဥပဒေများအား သိရှိနားလည်ကြပြီး မိမိတို့၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမားများအား ပြန်လည်မျှဝေပါက အကျိုးရှိမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ အလုပ်သမားဌာနများသည် ဝန်ဆောင်မှုပေးသည့် ဌာနများဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားအငြင်းပွားမှုများကို စက်ရုံတွင် ဖွဲ့စည်းထား သည့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ဖြင့် ပြေလည်မှုရရှိအောင် ညှိနှိုင်း ကြစေလိုပါကြောင်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး အေးချမ်းသာယာသော လုပ်ငန်းခွင် များဖြစ် ပါစေကြောင်း ပြောကြားခဲ့ပြီး (၁၂:၃၀)နာရီအချိန်တွင် အလုပ်သမားရေးရာဥပဒေ အသိပညာပေး ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။
ဆက်လက်၍ ၂-၂-၂၀၂၄ ရက်နေ့၊ (၁၃:၀၀)နာရီတွင် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးများ ပါဝင်သည့် ပေါင်းစပ် အဖွဲ့ဖြင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Kseng (Myanmar) Apparel Co.,Ltd (အထည်ချုပ်စက်ရုံ)၌ အလုပ်သမား ကျား (၂)ဦး၊ မ (၃၄)ဦး၊ စုစုပေါင်း (၃၆)ဦးနှင့် ကျန်အလုပ် သမား (၉၁၀)ဦးတို့အား အသံချဲ့စက်မှတစ်ဆင့် အလုပ်သမားရေးရာဥပဒေ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး (၁၆:၀၀)နာရီအချိန်တွင် အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။


၂-၂-၂၀၂၄ ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Kseng (Myanmar) Apparel Co.,Ltd (အထည်ချုပ်စက်ရုံ)၌ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှု မှတ်တမ်းဓါတ်ပုံ