အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                 အောက်တိုဘာ ၁၄

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ၁၄-၁၀-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဧရာဝတီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အောက်မြန်မာပြည်  ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက် ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်ရှင်နှင့် အလုပ်သမား အကြားဖြစ်ပွားသော အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ များကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ရေးနည်းလမ်းကောင်းနှင့် ရလဒ်ကောင်းများကို ဖော်ထုတ်နိုင်စေရန်ရည်ရွယ်၍ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်လာစေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် မိမိတို့လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် စပ်လျဉ်းသည့် အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက လုပ်ငန်းခွင်အတွင်း၌ ကနဦး ဆွေးနွေးညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှု ကြောင့်  ရေရှည်တွင် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးကောင်းမွန်စေခြင်းသာမက ကုန်ထုတ် လုပ်မှုတိုးတက်ခြင်း၊ လုပ်ငန်းအကျိုးအမြတ်များရရှိခြင်းမှတစ်ဆင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ ထူထောင်လာသည်နှင့်အမျှ အလုပ်သမားရေးရာအငြင်းပွားမှုများလည်း မလွဲမသွေရှိနေမည်ဖြစ် သည့်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပြီး ယင်းဥပဒေ အရ Tripartite အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးလာခြင်းကြောင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီအဖွဲ့ဝင် များအနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေးဆုံးဖြတ်ခြင်းဆောင်ရွက် ရာတွင် မိမိသည် အလုပ်ရှင်ကိုယ်စားလှယ်ဖြစ်သည်၊ အလုပ်သမား ကိုယ်စားလှယ်ဖြစ်သည်ဆို သည့် အဖွဲ့အစည်းစွဲမထားဘဲ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးရန် လိုအပ်ကြောင်း၊ ညှိနှိုင်းဖျန်ဖြေသူ များအနေဖြင့် အငြင်းပွားသူနှစ်ဖက်အကြား Win Win Situation ဖြစ်စေမည့်ရလဒ်ရရှိရေး ဖျန်ဖြေ ပေးရန်နှင့် ခုံသမာဓိဖြင့် ဆုံးဖြတ်ဆောင်ရွက်သူများအနေဖြင့်လည်း အငြင်းပွားသူ အလုပ်ရှင်၊ အလုပ်သမားများအကြား နှစ်ဖက်သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ အငြင်းပွားမှုများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် နှစ်ဖက်ပြေလည်မှုရရှိစေရေး ဖျန်ဖြေပေးခြင်းနှင့် အငြင်းပွားမှုများကို မှန်ကန်စွာနှင့် မြန်ဆန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ် သမားများက ယုံကြည်အားထားရသည့် အငြင်းပွားမှုဖြေရှင်းရေးယန္တရားတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်သိမှု၊ တာဝန်ယူမှု၊ စွမ်းဆောင်ရည်ရှိမှုနှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားစေလိုကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးနှင့် မြို့နယ်လူမှုဖူလုံရေးဆေးခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အထက်ပါနှီးနှောဖလှယ်ပွဲအခမ်းအနားကို နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပရာ အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုသို့အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အုပ်စု (၃) စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။