အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                                                  နိုဝင်ဘာ ၁၁

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ၁၁-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ကိုယ်စားလှယ် များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ် သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသည် အလုပ်ရှင်နှင့် အလုပ်သမား အကြားဖြစ်ပွားသော အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ရေး  နည်းလမ်းကောင်းနှင့် ရလဒ် ကောင်းများကို ဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံ ရေးကောင်းမွန်လာစေရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်းဖြင့်  အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး ကောင်းမွန် လာပြီး ကုန်ထုတ်လုပ်မှုများတိုးတက်ခြင်း၊ လုပ်ငန်းအကျိုးအမြတ်များ ရရှိခြင်းမှတစ်ဆင့် နှစ်ဦးနှစ်ဖက်စလုံး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝကို အလေးပေးဖော်ဆောင်လျက်ရှိရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ် ပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင် ရရှိခြင်းကြောင့် ပြည်သူများ၏ လူမှုဘဝတိုးတက်ရေးကို အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊

စက်ရုံ၊ အလုပ်ရုံများ များပြားလာသဖြင့် အလုပ်သမားရေးရာအငြင်းပွားမှုများလည်း မလွဲမသွေရှိနေမှာဖြစ်၍ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပြီး ယင်းဥပဒေအရ Tripartite အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးလာပါကြောင်း၊ အငြင်းပွား မှုများကို ဖြေရှင်းဆောင်ရွက်သည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ အဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေးဆုံးဖြတ်ရာတွင် အငြင်းပွားသူနှစ်ဖက်အကြား Win Win Situation ဖြစ်စေမည့် ရလဒ်ရရှိရေး ဖျန်ဖြေပေးရန်နှင့် ခုံသမာဓိဖြင့် ဆုံးဖြတ်ဆောင်ရွက်သူများအနေဖြင့်လည်း အငြင်းပွားသူ အလုပ်ရှင်၊ အလုပ်သမား များအကြား နှစ်ဖက်သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ပေးရန်လိုပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နှီးနှော ဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့်ကိစ္စရပ်များနှင့် ခုံသမာဓိကောင်စီဝင်တစ်ဦးမှ အလုပ်သမား ရေးရာအငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသားချက် များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အုပ်စု (၃) စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။