အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                               စက်တင်ဘာ ၂၆

အလုပ်သမားဝန်ကြီးဌာန ၊အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ၂၆-၉-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၂၉) ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိမ်း၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊  ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အောက်မြန်မာပြည်  ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ဆုံးဖြတ်ချက် ရလဒ်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အလုပ်သမားရေးရအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊အလုပ်ရှင်၊အလုပ်သမားအကြား အငြင်းပွားမှုကို ပြေလည်စွာ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရန် လုပ်ငန်းခွင်အတွင်း၌ ကနဦး ဆွေးနွေးညှိနှိုင်းရန်လိုအပ်ကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အငြင်းပွားမှုဖြေရှင်းရေးယန္တရားပုံစံမှာ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် ဖျန်ဖြေပြီးနောက် ပြေလည်မှုမရရှိလျှင် ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီတို့၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း၊

 အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာနများမှ တည်ဆဲ အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် နိုင်ငံရဲ့စီးပွားရေး အလားအလာကောင်းများရှိနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပြီး ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု များလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်မည့်အပြင် အလုပ်သမားများ၏ လူမှုဘဝ တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊

အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုဖြစ်ပွားလာပါက ဥပဒေနှင့်အညီ စနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးမှုကို ခံယူရန်ဖြစ်ကြောင်းနှင့် အငြင်းပွားမှုဖြေရှင်း ရေးယန္တရားတွင်ပါဝင်သည့်သက်ဆိုင်ရာကိုယ်စားလှယ်များအနေဖြင့ အလုပ်ရှင်၊ အလုပ်သမား များ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပြီး အဖွဲ့အစည်းစွဲမထားဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်၏ အကျိုးကိုရှေးရှု၍ ဖျန်ဖြေခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ဦးစီးဌာနအလိုက် စည်းကြပ်သည့်ဥပဒေများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ကိုယ်စားလှယ်များအား အုပ်စု (၃) စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန် အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။