အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          မေ ၁၂။                  အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းကို မေလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ် သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက အဖွင့် အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နံနက်ပိုင်းတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သောဥပဒေများနှင့်နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘော တူညီချက်စာချုပ် (EC)ချုပ်ဆိုခြင်းကိုလည်းကောင်း၊ အလုပ်သမားဥပဒေပါ လျော်ကြေးနှုန်းထား များကိုလည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခြင်းများနှင့် OWIC နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကိုလည်းကောင်း၊ လူမှုဖူလုံရေး ဥပဒေပါ အာမခံစနစ်များကိုလည်းကောင်း၊ မီးဖွားခွင့်နှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်များကို လည်းကောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေးနှုန်းထားများနှင့် ငွေကြေးအကျိုးခံစားခွင့်များကို လည်းကောင်း၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နယ်လှည့်ဆေးကုသယာဉ်နှင့် ဆေးကုသပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိက စည်းကြပ် အလုပ်သမားဥပဒေပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများနှင့် အလုပ်ချိန်၊ အကျုံးဝင်သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင် ခြင်းနှင့် အချိန်ပိုငွေကြေးတွက်ချက်မှုများကိုလည်းကောင်း၊ အများပြည်သူအလုပ်ပိတ်ရက်နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များကိုလည်းကောင်း၊ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များပါ သိမှတ် ဖွယ်ရာများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များက အုပ်စုဖွဲ့၍ အငြင်းပွားမှုကို လက်တွေ့ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပါသည်။

          ၁၂-၅-၂၀၂၆ ရက်နေ့၊ (၁၆:၁၀)နာရီအချိန်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း အောင်မြင်စွာပြီးမြောက်၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဆင်း အမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။ အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စည်းကြပ်နယ်မြေ အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။