ရန်ကုန် ဧပြီ ၂၃။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းကို ဧပြီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ သာကေတ စက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီရုံး၊ မြမာလာလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နံနက်ပိုင်းတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သော ဥပဒေများနှင့်နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘော တူညီချက်စာချုပ် (EC) ချုပ်ဆိုခြင်းကိုလည်းကောင်း၊ အလုပ်သမားဥပဒေပါ လျော်ကြေးနှုန်းထား များကိုလည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှု ဖူလုံရေးအဖွဲ့မှ ဦးစီးအရာရှိက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်းစရာ များကိုလည်းကောင်း၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များကိုလည်းကောင်း၊ လူမှုဖူလုံရေး ထည့်ဝင်ကြေးနှုန်းထားများ နှင့်ငွေကြေးအကျိုးခံစားခွင့်များကိုလည်းကောင်း၊ လူမှုဖူလုံရေးအာမခံ စိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိက စည်းကြပ်အလုပ်သမားဥပဒေပြဋ္ဌာန်းချက်များကို လည်းကောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများနှင့် အလုပ်ချိန်၊ အကျုံးဝင်သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေး တွက်ချက်မှု များကိုလည်းကောင်း၊ အများပြည်သူအလုပ်ပိတ်ရက်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချ ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များကိုလည်းကောင်း၊ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များပါ သိမှတ် ဖွယ်ရာများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး အငြင်းပွားမှုပြဿနာများကို ရှင်းလင်းတင်ပြ၍ သင်တန်းသား၊ သင်တန်းသူများက အုပ်စုဖွဲ့၍ အငြင်းပွားမှုကို လက်တွေ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပါသည်။
၂၃-၄-၂၀၂၆ ရက်နေ့၊ (၁၆:၁၀)နာရီအချိန်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း အောင်မြင်စွာပြီးမြောက်၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဆင်းအမှာစကား ပြောကြား၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။
အဆိုပါသင်တန်းတွင် သာကေတမြို့နယ်၊ အလုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် စည်းကြပ် နယ်မြေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

