ရန်ကုန် ဖေဖော်ဝါရီ ၂၀။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နံနက်ပိုင်းတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သော ဥပဒေများနှင့်နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ချုပ်ဆိုခြင်းကိုလည်းကောင်း၊ အလုပ်သမားဥပဒေပါ လျော်ကြေး နှုန်းထားများကိုလည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကိုလည်းကောင်း၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များကို လည်းကောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေးနှုန်းထားများနှင့် ငွေကြေးအကျိုးခံစားခွင့်များကို လည်းကောင်း၊ လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးက စည်းကြပ်အလုပ်သမားဥပဒေ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများနှင့် အလုပ်ချိန်၊ အကျုံးဝင်သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေး တွက်ချက်မှုများကိုလည်းကောင်း၊ အများပြည်သူ အလုပ်ပိတ်ရက်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များကိုလည်းကောင်း၊ အငြင်းပွားမှု ဖြေရှင်းရေး နည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များပါ သိမှတ် ဖွယ်ရာများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်သင့်သည့် ဆောင်ရန် ရှောင်ရန် အချက်အလက်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး အငြင်းပွားမှုပြဿနာများကို ရှင်းလင်းတင်ပြ၍ သင်တန်းသား၊ သင်တန်းသူများက အုပ်စုဖွဲ့၍ အငြင်းပွားမှုကို လက်တွေ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပါသည်။
၂၀-၂-၂၀၂၆ ရက်နေ့၊ (၁၆:၁၀)နာရီအချိန်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း အောင်မြင်စွာပြီးမြောက်၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်း ဆင်းလက်မှတ်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါသင်တန်းတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

