ရန်ကုန် စက်တင်ဘာ ၁၈
အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းကို ၁၈-၉-၂၀၂၅ ရက်နေ့၊ (10:0၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (Workplace Coordinating Committee) (WCC) ကို အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းအကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှု အခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရန်နှင့် အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး တို့ကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ ကျင်းပပြီးစီးခဲ့တဲ့ အလုပ်သမား ရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ ရလဒ်များအရ WCC အဖွဲ့များ အားကောင်း လာစေရန်နှင့် အဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊
အလုပ်ရှင်၊ အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို WCC တွင် ကနဦး ဖြေရှင်းရန်လိုအပ်ပြီး WCC တွင် ပြေလည်မှုမရရှိမှသာ သက်ဆိုင်ရာအလုပ်ရှင်၊ အလုပ်သမားတို့ အနေဖြင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားရမှာဖြစ်ကြောင်း၊
အငြင်းပွားမှုဖြေရှင်းရေးယန္တရားတွင် WCC ၏ အခန်းကဏ္ဍမှာ များစွာအရေးပါခြင်းကြောင့် WCC အဖွဲ့များကို အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များပါဝင်စေပြီး ဥပဒေနှင့်အညီ ရွေးချယ်ဖွဲ့စည်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် WCC အဖွဲ့ဝင် အင်အားလျော့သွားပါက စနစ် တကျ ရွေးချယ်အစားထိုးတာဝန်ပေးခြင်း၊ WCC အဖွဲ့ဝင်များ စာရင်းကို အလုပ်သမားများ သိရှိ စေရန် စက်ရုံ၊ အလုပ်ရုံများအတွင်း မြင်သာသောနေရာများတွင် Vinyl ပြုလုပ်ချိတ်ဆွဲထားခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို သိရှိ နားလည် ရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုများကိုမဆို စက်ရုံ၊ အလုပ်ရုံများတွင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)၌ မပျက်မကွက် ဆွေးနွေးညှိနှိုင်းရန်လိုကြောင်း၊
WCC တွင် ပြေလည်မှု မရရှိမှသာ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာ ဦးစီးဌာနများက စည်းကြပ်သော ဥပဒေများအရသော်လည်းကောင်း၊ အကျိုးစီးပွားဆိုင်ရာ အငြင်း ပွားမှုဖြစ်ပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သော အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြင့်သော်လည်းကောင်း ဆက်လက်ညှိနှိုင်းဖြေရှင်း သွားကြရမည်ဖြစ်ကြောင်း၊
WCC အဖွဲ့များ အားကောင်းလာပြီး အဖွဲ့ဝင်များ၏ အရည်အချင်း ပြည့်ဝနေစေရန်အတွက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စည်းကြပ်သည့် ဥပဒေများကို ဌာနအလိုက် တာဝန်ခံအရာရှိများက သင်ကြားပို့ချသွားမှာဖြစ်ပြီး ခုံသမာဓိကောင်စီဝင်တစ်ဦးမှလည်း အငြင်း ပွားမှုဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊
အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ဥပဒေပါခံစားခွင့်များကို သိရှိခြင်းဖြင့် နစ်နာမှုရှိပါက WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်မှာဖြစ်ပြီး မိမိတို့၏ လိုလားချက်များကို WCC မှတစ်ဆင့် သက်ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကို တင်ပြနိုင်ခြင်း၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက် ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊
WCC အဖွဲ့ဝင်များ စွမ်းရည်မြင့်မားပြီး ဆွေးနွေးညှိနှိုင်းမှု အားကောင်းလာခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ပိုမိုကောင်းမွန်စေပြီး အငြင်းပွားမှုများကို WCC ၌ ကနဦး ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းလာပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအား ပိုမိုထုတ်လုပ်နိုင်ကာ လူမှုဘဝဖူလုံရေးအတွက် များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့် သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက် လာကြသူများ၊ သင်တန်းသား၊ သင်တန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သင်တန်းကို WCC အဖွဲ့ဝင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် (၆၀) ဦး တက်ရောက် ကာ စက်တင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံများနှင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ အဖွဲ့ဝင်တို့က ဘာသာရပ်အလိုက် သင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

