အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀-၃-၂၀၂၅ ရက်နေ့မှ ၂၁-၃-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ၂၀-၃-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၀၉)၊ စက်မှုဇုန်လမ်းမကြီးရှိ အမှတ်(၁) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပ ခဲ့ရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးများမှ ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၆၈)ဦးခန့် တက်ရောက်ကြသည်။

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် WCC အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်း ကျင်းပပြုလုပ်ရခြင်းမှာ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ကို အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း နိုင်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြားတွင် အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်း ချက်များ ဆွေးနွေးညှိနှိုင်းရန်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက် နိုင်ရန်အပြင် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များမှ ထွက်ပေါ်လာသည့် ရလဒ်များအရ WCC အဖွဲ့များ အားကောင်းလာစေရန်နှင့် အဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

အလုပ်ရှင်၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အငြင်းပွားမှုများကို တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့်အချက်များကို သိရှိနိုင်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို WCC တွင် ကနဦး  ဖြေရှင်းနိုင်ရန်နှင့် အငြင်းပွားမှုဖြေရှင်းရေးယန္တရားတွင် WCC ၏ အခန်းကဏ္ဍမှာ များစွာ အရေးပါခြင်းကြောင့် အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အငြင်းပွားမှုများကို ထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တက်ရောက်လာသည့် အမှုများ လျော့နည်း လာမှာဖြစ်သည့်အပြင် လုပ်ငန်းခွင်လည်း အေးချမ်းသာယာလာမှာဖြစ်ပါကြောင်း၊

စက်ရုံ၊ အလုပ်ရုံများ ထူထောင်လာသည်နှင့်အမျှ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ လည်း မလွဲမသွေဖြစ်ပွားလာမည်ဖြစ်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ် သမားရေးရာဥပဒေများကို ကောင်းစွာသိရှိ နားလည်ပါက အငြင်းပွားမှုများ လျော့နည်းလာမှာဖြစ် ပါကြောင်း၊ အငြင်းပွားမှုများ လျော့နည်းကာ ကုန်ထုတ်စွမ်းအားများ  တိုးတက်လာစေရေး အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်ငန်းခွင်အတွင်းဖြစ်ပွားသော မည်သည့်ကိစ္စရပ်များမဆို စက်ရုံများတွင် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ၌ မပျက်မကွက် ဆွေးနွေးညှိနှိုင်းစေလိုပါကြောင်း၊

WCC အဖွဲ့များ အားကောင်းလာပြီး အဖွဲ့ဝင်များ၏ အရည်အချင်းပြည့်ဝနေစေရန်အတွက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စည်းကြပ်သည့် ဥပဒေများကို ဌာနအလိုက် တာဝန်ခံအရာရှိများ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ခုံသမာဓိကောင်စီဝင်များနှင့် ခုံသမာဓိ အဖွဲ့ဝင်များက အငြင်းပွားမှု ဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို အသေးစိတ် သင်ကြားပို့ချသွားမှာဖြစ်ပါကြောင်း၊ WCC အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းမှ အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်စေမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော အငြင်းပွားမှုကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် အရည်အချင်းကောင်းများ ရရှိစေမှာဖြစ်ပါကြောင်း၊ WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်မှသာ WCC ထံ တင်ပြလာသည့် အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါကြောင်း၊ WCC တွင် ဆွေးနွေး ညှိနှိုင်းမှု အားကောင်းလာပါက အလုပ်ရှင်၊ အလုပ်သမားများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန် လာမှာဖြစ်ပါကြောင်း၊ အငြင်းပွားမှုများကို WCC ၌ ကနဦး ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံးအတွက် အချိန်ကုန်သက်သာပြီး လုပ်ငန်းခွင်မပျက် ဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်ခြင်းဖြင့် အငြင်းပွားမှုများလည်း လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်း သာယာစွာ ဖြင့် ကုန်ထုတ်စွမ်းအားများ တိုးတက်ထုတ်လုပ်လာနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံများနှင့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့များက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ခန်းစာများဆွေးနွေးပို့ချခဲ့ပြီး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ Jin Xin Technology Co.,Ltd မှ WCC အဖွဲ့ဝင် အလုပ်ရှင်ကိုယ်စားလှယ် ဒေါ်လင်းလက်ဖြိုးဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၁-၃-၂၀၂၅ ရက်နေ့၊ (၁၆:၄၀)နာရီအချိန်တွင် အလုပ်သမား ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း ပြီးဆုံးခဲ့ကြောင်း သိရသည်။