၂၇-၂-၂၀၂၅ ရက်နေ့မှ ၂၈-၂-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ၂၇-၂-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ကိုယ်စားလှယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးများမှ ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၇၇) ဦးခန့် တက်ရောက်ကြသည်။
၂၇-၂-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်း သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခုံသမာဓိကောင်စီဝင်၊ အလုပ်သမားကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ ဥက္ကဋ္ဌတို့ကလည်းကောင်း၊ ၂၈-၂-၂၀၂၅ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံများက လည်းကောင်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ကြသည်။
ဆက်လက်၍ ၂၈-၂-၂၀၂၅ ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် WCC အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းတွင် အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနများမှ စည်းကြပ်သောဥပဒေ၊ နည်းဥပဒေများကို သိရှိရခြင်း၊ အငြင်းပွားမှုများဖြစ်ပွားပါက WCC ဖြင့် ကနဦးဖြေရှင်းရမည်ကို သိရှိနိုင်ခြင်း၊ အငြင်းပွားမှုများ ဖြေရှင်းရာတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်ခြင်း၊ WCC ကို ဥပဒေ နှင့်အညီ ဖွဲ့စည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပြင် WCC အဖွဲ့များ အားကောင်း လာစေမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားလာစေမည်ဟု ယုံကြည်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်ငန်းခွင်အတွင်းဖြစ်ပွားသော မည်သည့်ကိစ္စရပ်မဆို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ဖြင့် ဆွေးနွေးညှိနှိုင်းစေလိုပါကြောင်း၊ အငြင်းပွားမှုများ ဖြေရှင်းရာတွင်လည်း အလုပ်ရှင်၏ အကျိုးစီးပွားကို မထိခိုက်စေရန်လိုအပ်ပြီး အလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးများ ရရှိရန်လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းမှ WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများကို သိရှိနားလည်စေမည်ဖြစ်ပြီး လုပ်ငန်းခွင် အတွင်း ဖြစ်ပွားသောအငြင်းပွားမှုကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများနှင့် အရည်အချင်းကောင်းများ ရရှိစေခဲ့သည့်အတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး အတွက် အကျိုးရှိခြင်းကြောင့် WCC အဖွဲ့များ အားကောင်းလာပြီး လုပ်ငန်းခွင်လည်း အေးချမ်းသာယာလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသူ၊ သင်တန်းသား များအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား မင်္ဂလာဒုံစက်မှုဇုန်၊ SMK Garment Co.,Ltd မှ မန်နေဂျာ ဦးသန်းထွေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၈-၂-၂၀၂၅ ရက်နေ့၊ (၁၅:၅၀)နာရီအချိန်တွင် အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း ပြီးဆုံးခဲ့ပါသည်။