အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                         ဧပြီ ၂၆ ။

           ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေမှုများအား သိရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ  ယနေ့နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၂၉)ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အစည်းအဝေးခန်းမ၌ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

           အဆိုပါ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်များ၊ FTE (လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ)အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Tokyo(ပိုက်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Eslite Co., Ltd(အထည်ချုပ်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် Tsangyih (ဖိနပ်စက်ရုံ) အခြေခံအလုပ်သမားအဖွဲ့အစည်းတို့မှ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အမှုဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့သည်။

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ အခမ်းအနားကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေမှုများအား သိရှိနိုင်စေရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားသုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး အလုပ်ရှင်၏ အကျိုးစီးပွား ထိခိုက်ခြင်းမရှိစေဘဲ အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်မှ ချမှတ် ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးနေသည့် အလုပ်သမားရေးရာကဏ္ဍများအား ဆွေးနွေး ဖလှယ်နိုင်ရန် ယခုကဲ့သို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကဏ္ဍများအား ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးတွင် အလုပ်သမားများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသူ များဖြစ်ရာ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများအဖြစ် သတ်မှတ်ပြီး နှစ်စဉ် မေလ ၁ ရက်နေ့တွင် အထိမ်းအမှတ်ပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး၊ အလုပ်ရှင်၊ အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ စေရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်း ဆောင်ရွက်ရေးစသည့် အလုပ်သမားရေးရာကဏ္ဍများကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊

ထို့ပြင် Industrial Relation ကောင်းမွန်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အခါအားလျော်စွာ  ကျင်းပပြုလုပ်ပေးပြီး အလုပ်ရှင်၊ အလုပ်သမား များ၏ အခက်အခဲများကို တင်ပြစေပြီး စည်းကြပ်ဥပဒေများနှင့်အညီ လိုအပ်သည်များ ညှိနှိုင်းဖြေ ရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပခြင်း၊ Talk Show အစီအစဉ် ရိုက်ကူး ခြင်း၊ Job Fair ပြပွဲများ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများက Moderator အဖြစ် ဆောင်ရွက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စား လှယ်များက အုပ်စု (၃) စုဖွဲ့၍ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။