အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(၁)     လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း

        လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများအား ကာကွယ်တားဆီးနိုင်မည် ဖြစ်သဖြင့် လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံး သွားရောက်စုံစမ်း စစ်ဆေးခြင်း၊ လူမှုဖူလုံရေး အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

          အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၈-၂၀၂၃ ရက်နေ့မှ ၁၅-၉-၂၀၂၃ ရက်နေ့ထိ ပြင်းထန် (၁) မှုနှင့် အလွန်ပြင်းထန် (၁) မှုတို့ကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန် ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

(၂)     လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း

        လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်   ကျန်းမာရေးကော်မတီများကို  ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၈-၂၀၂၃ ရက်နေ့မှ ၁၅-၉-၂၀၂၃ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၄၁) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

(၃)    လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း

        ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဆူညံသံနှင့် အလင်းရောင်ရရှိမှုတို့ကို ကွင်းဆင်း လေ့လာ တိုင်းတာလျက်ရှိရာ ၂၇-၈-၂၀၂၃ ရက်နေ့မှ ၁၅-၉-၂၀၂၃ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ (၂၃) ရုံ တွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၁၃) ရုံတွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၄) ရုံ တွင် သတ်မှတ် ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက် နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။

(၄)     သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း

          ဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်လျက်ရှိသည့် အလုပ်သမားရေးရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ရရှိစေရေး အသိပညာပေး ဆွေးနွေးမှုများ ကျင်းပရန် အခက်အခဲရှိသည့် စက်ရုံများအား သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၈-၂၀၂၃ ရက်နေ့မှ ၁၅-၉-၂၀၂၃ ရက်နေ့အထိ  ရန်ကုန်တိုင်းဒေသကြီးတွင် (၂) ကြိမ်နှင့် ပဲခူးတိုင်း ဒေသကြီးတွင် (၂) ကြိမ်၊ စုစုပေါင်း (၄) ကြိမ်၊ အလုပ်သမား (၁၀၀) ဦးအား သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၅)     ပြည်ပဆွေးနွေးပွဲများ တက်ရောက်ခြင်း

          ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် Quezon City တွင် ကျင်းပပြုလုပ်သည့် “24th ASEAN-OSHNET Coordinating Board Meeting – CBM နှင့် 10th ASEAN-OSHNET Conference – AOC” အခမ်းအနားများသို့ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းမိုးရွှေတို့က In Person နည်းလမ်းဖြင့် တက်ရောက်လျက်ရှိပါသည်။