စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရန် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စည်းကြပ်ဉပဒေများပါ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်း စစ်ဆေးခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှုများအား စုံစမ်း စစ်ဆေးခြင်း၊ OSH ဆိုင်ရာ ကိစ္စရပ်များ သိရှိနားလည်စေရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် OSH ကော်မတီများဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်း၊ ကော်မတီ ဝင်များ၏ စွမ်းဆောင်ရည် မြင့်တက်လာစေရေးအတွက် အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းကျောင်းတွင် OSH သင်တန်းများဖွင့်လှစ် ပို့ချခြင်း၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှု၊ ရေအရည်အသွေး၊ အောက်ဆီဂျင် ပမာဏ စသည်တို့အား တိုင်းတာအကဲဖြတ်ခြင်း၊ OSH ဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ပိုမို ရရှိစေရေး အတွက် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေး ခြင်း၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) နှင့် OSH ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
ဦးစီးဌာနအနေဖြင့် ၁-၇-၂၀၂၅ မှ ၁၆-၇-၂၀၂၅ ထိ ရက်သတ္တပတ် (၂) ပတ်အတွင်း ပြင်းထန်အဆင့် လုပ်ငန်းခွင်ထိခိုက်မှု (၁) မှု၊ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှု (၂) မှု၊ စုစုပေါင်း (၃)မှု အား စုံစမ်းစစ်ဆေးခဲ့ပြီး နောင်အလားတူ မဖြစ်ပွားစေရေး ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း၊ လက်ရှိ ကာလအထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၇) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ရှိကာလအထိ အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံ (၂၁၈၆) ရုံအနက် (၂၁၇၅) ရုံတွင် OSH ကော်မတီများ ဖွဲ့စည်းပြီးဖြစ်၍ (၉၉.၅) ရာခိုင်နှုန်း ဖွဲ့စည်း ပြီးဖြစ်ခြင်း၊ ကော်မတီဝင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁) ကြိမ် ပို့ချခဲ့ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံ (၃၅) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

