အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း။ လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင် ထိခိုက်မှုများအား ကာကွယ်တားဆီးနိုင်မည်ဖြစ်သဖြင့် လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံး သွားရောက်စစ်ဆေးဆောင်ရွက် လျက်ရှိပြီး အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၃-၁၁-၂၀၂၄ ရက်နေ့အထိ ပြင်းထန်မှု (၁) မှု၊ အလွန်ပြင်းထန်မှု (၁)၊ စုစုပေါင်း လုပ်ငန်းခွင်ထိခိုက်မှု (၂) မှုတို့ကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။       လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၃-၁၁-၂၀၂၄ ရက်နေ့ အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၃၃) ဖွဲ့ တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပြီး အစီရင်ခံသည့် ကာလအထိ အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံ (၂၁၇၁) ရုံရှိ သည့် အနက် စက်ရုံ၊ အလုပ်ရုံ (၂၁၄၁) ရုံ၌ ကော်မတီများ ဖွဲ့စည်းပြီးဖြစ်သဖြင့် (၉၈.၆၂) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

၃။      လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။     လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှုစသည့် အခြေအ‌နေတို့အား ကွင်းဆင်းတိုင်းတာအကဲဖြတ်လျက်ရှိရာ ၂၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၃-၁၁-၂၀၂၄ ရက်နေ့ အထိ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၄၉) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၇) ရုံတွင် သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၄) ရုံတွင် သတ်မှတ် ဆူညံသံ ပမာဏထက် ကျော်လွန် နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရေး အတွက် ညွှန်ကြားချက် နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။

၄။      သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။   ဦးစီးဌာနအနေဖြင့် အလုပ်ရှင် နှင့် အလုပ်သမား များ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းခွင်မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမား များအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့်အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင် အရောက်ပို့ချ ပေးလျက် ရှိရာ ၂၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၃-၁၁-၂၀၂၄ ရက်နေ့ အထိ နေပြည်တော်ကောင်စီနယ်မြေတွင် (၁) ကြိမ်၊ အလုပ်သမား (၂၅) ဦးတို့အား သင်ထောက် ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကို  ဆောင်ရွက် နိုင်ခဲ့ ပါသည်။