အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင်ထိခိုက်မှုဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းနိုင်‌ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၈-၈-၂၀၂၄ ရက်နေ့မှ ၁၅-၉-၂၀၂၄ ရက်နေ့အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၃၁) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အစီရင်ခံသည့်ကာလအထိ အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံ (၂၂၀၃) ရုံရှိသည့်အနက် စက်ရုံ၊ အလုပ်ရုံ (၂၀၇၈) ရုံ၌ ကော်မတီ များ ဖွဲ့စည်းပြီးဖြစ်သဖြင့် (၉၄.၃၃) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

၂။       လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။          လုပ်ငန်းခွင်ပတ်ဝန်း ကျင် အခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှု စသည့်အခြေအနေတို့အား ကွင်းဆင်းတိုင်းတာအကဲဖြတ်လျက်ရှိရာ ၂၈-၈-၂၀၂၄ ရက်နေ့မှ ၁၅-၉-၂၀၂၄ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၂၈) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၆) ရုံတွင် သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၃) ရုံတွင် သတ်မှတ် ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေတိုးတက်ကောင်းမွန်စေရေး အတွက် ညွှန်ကြားချက်များနှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။

၃။      သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။            ဦးစီးဌာန အနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက်ပို့ချပေးလျက်ရှိရာ ၂၈-၈-၂၀၂၄ ရက်နေ့မှ ၁၅-၉-၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၄) ကြိမ်၊ အလုပ်သမား (၁၀၂) ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် (၂) ကြိမ်၊ အလုပ်သမား (၅၀) ဦး၊ စုစုပေါင်း (၆) ကြိမ်၊ အလုပ်သမား (၁၅၂) ဦးတို့အား သင်ထောက်ကူ ပြုမော်တော်ယာဉ်ဖြင့် အသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။