၁။ လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း။ လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင်ထိခိုက် မှုများအား ကာကွယ်တားဆီးနိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပွားကြောင်း သိရှိပါက အမြန်ဆုံးသွားရောက်စုံစမ်းစစ်ဆေးခြင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၇-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ သာမန် (၁) မှု၊ အလွန်ပြင်းထန် (၂) မှုနှင့် သေဆုံး (၁) မှု၊ စုစုပေါင်း (၄) မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြား ချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
၂။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၇-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၆) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အစီရင်ခံသည့် ကာလအထိ အလုပ်သမား (၅၀) ဦးနှင့် အထက် စက်ရုံ၊ အလုပ်ရုံ (၂၂၂၉) ရုံရှိသည့်အနက် စက်ရုံ၊ အလုပ်ရုံ (၂၀၄၀) ရုံ၌ ကော်မတီများဖွဲ့စည်းပြီးဖြစ် သဖြင့် (၉၁.၅၂) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ပါသည်။
၃။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။ လုပ်ငန်းခွင် ပတ်ဝန်း ကျင်အခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှုစသည့် အခြေအနေတို့အား ကွင်းဆင်းတိုင်းတာအကဲဖြတ်လျက်ရှိရာ ၂၇-၇-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကရင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၃၉) ရုံတွင် လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများ အနက် စက်ရုံ (၉) ရုံ တွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်းမရှိခြင်း၊ စက်ရုံ (၄) ရုံတွင် သတ်မှတ်ဆူညံသံ ပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
၄။ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။ ဦးစီးဌာနအနေဖြင့် အလုပ်ရုံနှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၇-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၄) ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၂) ကြိမ်နှင့် နေပြည်တော် ကောင်စီနယ်မြေတွင် (၁) ကြိမ်၊ စုစုပေါင်း (၇) ကြိမ်၊ အလုပ်သမား (၁၇၅) ဦးအား သင်ထောက် ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။