၁။ လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း
(က) လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများအား ကာကွယ်တားဆီး နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံး သွားရောက်စုံစမ်းစစ်ဆေးခြင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
(ခ ) အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၁-၂၀၂၄ ရက်နေ့မှ ၁၅-၂-၂၀၂၄ ရက် နေ့ထိ ပြင်းထန် (၂)မှု၊ အလွန်ပြင်းထန် (၂) မှုနှင့် သေဆုံး (၁) မှုတို့ကို စုံစမ်းစစ်ဆေး ခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ညွှန်ကြားချက် များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူ ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၁-၂၀၂၄ ရက်နေ့မှ ၁၅-၂-၂၀၂၄ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၆၁) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
၃။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေများ တိုးတက်ကောင်းမွန်စေရန် အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှု စသည့်အခြေအနေတို့အား ကွင်းဆင်းတိုင်းတာအကဲဖြတ်လျက်ရှိရာ ၂၇-၁-၂၀၂၄ ရက်နေ့မှ ၁၅-၂-၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၅၆) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၂၆) ရုံတွင် သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၉) ရုံတွင် သတ်မှတ် ဆူညံသံပမာဏထက် ကျော်လွန်နေခြင်း တို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင်
၂
ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
၄။ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။ ဦးစီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၁-၂၀၂၄ ရက်နေ့မှ ၁၅-၂-၂၀၂၄ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၄) ကြိမ်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် (၁) ကြိမ်၊ စုစုပေါင်း (၅) ကြိမ်၊ အလုပ်သမား (၁၂၅) ဦးအား သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
၅။ ဆွေးနွေးပွဲများကျင်းပခြင်း။ “(၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ”များကို အောက်ပါ တိုင်းဒေသကြီးများတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးတို့ ဦးဆောင်၍ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
(က) ၂-၂-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ Swallow Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကွန်ရက်ဆု ရရှိပြီးသည့် စက်ရုံမှ ကိုယ်စားလှယ်များ၊ စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၁၁၄) ဦး တက်ရောက်ခဲ့ခြင်း၊
![](https://www.mol.gov.mm/wp-content/uploads/2024/02/fg-1.jpg)
![](https://www.mol.gov.mm/wp-content/uploads/2024/02/fg1.jpg)