နေပြည်တော် ၊ အောက်တိုဘာလ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်း၍ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် နှင့်ပတ်သက်၍ အသိပညာမျှဝေသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၃၀-၁၀-၂၀၁၈ ရက်နေ့မှ ၃၁-၁၀-၂၀၁၈ ရက်နေ့ထိနေပြည်တော်ရှိ M-Gallery Hotel ၌ကျင်းပပြုလုပ်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် လုပ်ငန်းခွင်ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါများကြောင့် နှစ်စဉ်သေဆုံးသူဦးရေသည် (၂.၃) သန်းခန့် ရှိပါကြောင်း၊ အလားတူသန်းပေါင်းများစွာသော အလုပ်သမားများသည် သေဆုံးမှုမဟုတ်သည့် ထိခိုက်ဒဏ်ရာရမှုနှင့် မကျန်းမာမှုများ တွေ့ကြုံခံစားနေရသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အားလုံးခြုံငုံကြည့်ပါက နေ့စဉ်အနေဖြင့် လုပ်ငန်းခွင်ရောဂါနှင့် ထိခိုက်မှုကြောင့် လူ (၆,၄၀၀) ဦး သေဆုံးပြီး လူ (၈၆၀,၀၀၀) ဦးသည် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပေါ်နေပါကြောင်း၊ ယင်းဖြစ်စဉ်သည် သက်ဆိုင်ရာလုပ်ငန်းဌာနများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအနေဖြင့် လူမှုရေးနှင့်စီးပွားရေးအရ အလွန်ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးဖြစ်စေရုံသာမက ကာယကံရှင်အလုပ်သမားနှင့် ယင်းမိသားစု တွေအနေနှင့်ပါ အလွန်တုန်လှုပ်စိတ်ပျက်စေသည့် လူသားဆိုင်ရာနှင့် ငွေကြေးဆိုင်ရာပြဿနာများ ရင်ဆိုင်တွေ့ကြုံနေရပါကြောင်း၊
ကမ္ဘာနိုင်ငံခေါင်းဆောင်များတက်ရောက်ခဲ့သည့် ၂၀၁၅ ခုနှစ် ကုလသမဂ္ဂအစည်းအဝေးကြီးမှ လည်း တကမ္ဘာလုံးအနေဖြင့် ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ကြဉ်းပေးနိုင်ရန် ၂၀၃၀ ပြည့်နှစ်ရည်မှန်းချက်အဖြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေး ပန်းတိုင်များကို သဘောတူချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်၏ target (၁.၃) နှင့် (၈.၈) တို့၌ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးရန်၊ ဘေးကင်း လုံခြုံသည့် လုပ်ငန်းပတ်ဝန်းကျင်များ တိုးမြှင့်ဖန်တီးပေးရန်နှင့် လူမှုကာကွယ်စောင့်ရှောက်ရန် တို့ကို ဦးတည်ချက်အဖြစ် ချမှတ်ပေးထားပါကြောင်း၊
လူမှုဖူလုံရေးစနစ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် အလုပ်တွင်ထိခိုက်မှုဆိုင်ရာ အာမခံစနစ် (Employment Injury Insurance-EII) သည် ၁၈၈၄ ခုနှစ်၌ ဂျာမနီနိုင်ငံမှ စတင်ပေါ်ထွက် လာခဲ့ပြီး နိုင်ငံပေါင်း (၁၇၀) ခန့်၌ ကျင့်သုံးလျက်ရှိပြီး နိုင်ငံအများစု ကျင့်သုံးလျက်ရှိသည့် လူမှုဖူလုံရေးအာမခံစနစ် (Social Insurance Scheme) တစ်ခုဖြစ်ပါကြောင်း၊ ယင်းEII စနစ် အနေဖြင့် အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ပေးခြင်းအပြင် လုပ်ငန်းခွင် ဆက်ဆံရေးထိန်းသိမ်းပေးသည့် အရေးပါသည့် အခန်းကဏ္ဍအနေဖြင့် ရပ်တည်နေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ EII စနစ်အကောင်အထည်ဖော်ရာ၌ စိန်ခေါ်မှုများ အဖြစ် ယင်းအာမခံစနစ်အကျုံးဝင်မှု တိုးချဲ့ခြင်း၊ အကျိုးခံစားခွင့်သတ်မှတ်ချက်နှင့် ထိခိုက်မှု ကာကွယ်ခြင်း လုပ်ငန်းနှင့်ပေါင်းစပ်ဆောင်ရွက်၍ ရလဒ်ဖြစ်အောင် ဆောင်ရွက်ခြင်းတို့ကို တွေ့ရှိရ ပါကြောင်း၊
၁၉၉၇ ခုနှစ် အာရှစီးပွားရေးအကြပ်အတည်း (Asian Economic Crisis) ဖြစ်ပွားပြီး နောက်ဒေသတွင်းနိုင်ငံများအနေဖြင့် လူမှုဖူလုံရေးစနစ်အားဖြည့်ဆောင်ရွက်ရန် အရေးပါမှုကို ယုံကြည်လက်ခံခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၀၁ ခုနှစ်၌ ကျင်းပခဲ့သည့် International Labour Conference (ILO) အစည်းအဝေး၌ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များမှ ဆင်းရဲမွဲတေမှုလျော့ချရေး၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုမြှင်တင်ရေးတို့အတွက် လူမှုဖူလုံရေးသည် အရေးပါသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်မှ အလုပ်သမားများအတွက် ကျန်းမာရေးစောင့် ရှောက်မှု (Health Care)၊ တစ်ဦးချင်းဝင်ငွေလုံခြုံမှု (Income Security) နှင့် လူမှုရေးဝန်ဆောင်မှု များကို စနစ်တကျစီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မှု (Productivity) တိုးတက်စေမည်ဖြစ်ပါကြောင်း၊ သဘောတူလက်ခံခဲ့ပါကြောင်း၊ ဒါ့ကြောင့် လူမှုဖူလုံရေးအဖွဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့အပြင် EII အစီအစဉ်အပါအဝင် လူမှုဖူလုံရေးအာမခံ စနစ်များ (Social Insurance Scheme)ကို တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးခေတ်မီတိုးတက်မှု ရလဒ်များပေါ်ထွန်းမည်မှာ မလွဲမသေရရှိခံစားရမည် ဖြစ်ပါကြောင်း၊
ယနေ့အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရှိ အလုပ်တွင်ထိခိုက်မှုကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး မိမိတို့နိုင်ငံတွင်းကျင့်သုံးနေတဲ့ ဥပဒေ၊ နည်းဥပဒေများ ကိုနိုင်ငံတကာမှာကျင့်သုံးနေသည့် စံနှုန်းများ၊ ILO က ချမှတ်ထားသည့် သဘောတူညီချက်များ၊ မူဘောင်များကိုလည်း မျှဝေသွားမှာဖြစ်ပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနမှာ လုပ်ငန်းခွင်ထိခိုက်မှုနဲ့စပ်လျဉ်းပြီး လူမှုဖူလုံရေးဥပဒေနဲ့အကျုံးဝင် သည့် အာမခံအလုပ်သမားတွေအတွက် လူမှုဖူလုံရေးဥပဒေနဲ့အညီ စည်းကြပ်ဆောင်ရွက်နေပြီး လူမှုဖူလုံရေးဥပဒေနဲ့ အကျုံးမဝင်တဲ့ အခြားသောအလုပ်သမားတွေအတွက် အလုပ်သမားလျော် ကြေးဥပဒေနဲ့အညီ စည်းကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေနဲ့ အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ပိုမိုနည်းပါးလာစေဖို့၊ ဥပဒေပါပြဋ္ဌာန်းချက်များကို အခြားနိုင်ငံတွေရဲ့ လုပ်ထုံး၊ လုပ်နည်း၊ စံနှုန်းနဲ့ ကိုက်ညီစေဖို့အတွက်လည်းကောင်း၊ မိမိတို့ဝန်ကြီးဌာနက အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်နဲ့ စပ်လျဉ်းပြီးဆောင်ရွက်နေတာကို အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေသာမက ဆက်စပ် ဝန်ကြီးဌာနတွေကလည်း သိရှိနားလည်ပြီး တကယ့်မြေပြင်မှာပိုမိုထိရောက် မြန်ဆန်စွာ ဆောင်ရွက် နိုင်စေဖို့အတွက် ယနေ့ အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊
ဒါမှသာ ထိရောက်သည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ဒီဆွေးနွေးပွဲကရလာတဲ့ အကြံပြုချက်၊ သုံးသပ်ချက်တွေကိုအလုပ်သမားလျော်ကြေးဥပဒေ (မူကြမ်း) သာမက လူမှုဖူလုံရေးဥပဒေပြင်ဆင် ချိန်တွင် ထည့်သွင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊
ဒါ့ကြောင့် လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ်၏ လုပ်ငန်းစဉ်နဲ့ သက်ဆိုင်သည့် မိတ်ဖက် ဌာနများအနေဖြင့် ယခုအစည်းအဝေးမှ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ အချင်း ချင်းဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊
နိဂုံးချုပ်အနေနဲ့ ယခုကျင်းပတဲ့အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ အဖိုးတန်တဲ့ လူ့စွမ်း အားအရင်းအမြစ်ဖြစ်တဲ့ အလုပ်သမားများ၏ လူမှုစီးပွားရေးဘဝဖူလုံစေဖို့ EII စနစ်ကို စနစ်တကျ ထိထိရောက်ရောက်ဖော်ဆောင်နိုင်မည့် ရလဒ်ကောင်းများ ပေါ်ထွက်လာမယ်လို့ ယုံကြည်မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ILO ဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ကျွမ်းကျင်ပညာရှင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ခြင်း၊ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ၊ ILO မှ ဖိတ်ကြားထားသောကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ၊ ဦးစီးဌာနများနှင့်အဖွဲ့ တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ILO မှ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်သမားရေးရာဆိုင်ရာ ဦးစီးဌာနများနှင့် အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲကို ၃၀-၁၀-၂၀၁၈ ရက်နေ့မှ ၃၁-၁၀-၂၀၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။