နေပြည်တော် ဒီဇင်ဘာ ၂၇
အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီ ကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက် လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာအလုပ်သမားများသည် ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေးဗျနိုင်ငံ စသည့်အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူလုပ်ငန်းနှင့် အခြားအထွေထွေ လုပ်သားများအဖြစ် တရားမဝင် သွားရောက်လုပ်ကိုင်လျက်ရှိရာ အချို့သူများမှာ အကြောင်းအမျိုးမျိုးဖြင့် လူမှုဒုက္ခများ ကြုံတွေ့လျက်ရှိနေကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် တရားဝင်ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ များမှ တစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုပေး လျက်ရှိ သဖြင့် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ တိုင်ကြားမှုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖြင့် ဖွဲ့စည်း၍ စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး ဥပဒေ ချိုးဖောက်သူများကို ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊
အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်သူများနှင့်ပတ်သက်၍ လတ်တလောတွင် ဝန်ကြီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သည့် အမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းများ ကို ကာကွယ်တားဆီးရာတွင် အသိပညာပေးခြင်း၊ အများပြည်သူသိရှိစေရေး အသိပေး ကြေညာ ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက်များတွင် အလည်ဗီဇာဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျသေချာစွာ စိစစ်ကြပ်မတ်၍ ၎င်းတို့ကို အသေးစိတ် မေးမြန်းပြီး တရားမဝင်ပို့ဆောင်သူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားနိုင်ရေး ဆောင်ရွက် သင့်ပါကြောင်း၊
ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သဖြင့် အမှန်တကယ် ဒုက္ခရောက်နေသူများကို ခေါ်ဆောင် နိုင်မည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များ၊ စသည်တို့ကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်၍ ကူညီပေးသွားစေလိုကြောင်း၊ မြန်မာနိုင်ငံသားများအား မိခင်နိုင်ငံ သို့ ပြန်လည် ခေါ်ဆောင်နိုင်ရေးနှင့် တရားမဝင် သွားရောက်လုပ်ကိုင်မှုများ လျော့နည်းပပျောက် စေရေးနှင့် ကာကွယ်တားဆီးနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သဖြင့် အစည်း အဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ပါဝင် ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် “မြစ်နှင့်ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်သော်လည်းကောင်း၊ အခြား ဘေး အန္တရာယ်တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ ပြည်တွင်း/ ပြည်ပနယ်မြေ ရပ်ခြားများသို့ ရောက်ရှိ သွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း”ဆိုတဲ့ လုပ်ငန်းတာဝန်နှင့် စပ်လျဉ်းပြီး ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်၍ လူကုန်ကူးခံရသူများနှင့် ရွှေ့ပြောင်း လုပ်သား များပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
ရပ်တည်ရန်ခက်ခဲပြီး လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လွှဲပြောင်း လက်ခံပြီးနောက် ယာယီလက်ခံစောင့်ရှောက်နိုင်ရန် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် အခက်အခဲများကြုံတွေ့နေရသော မြန်မာနိုင်ငံသားနှင့် စပ်လျဉ်း၍ Social Media တွင် ဒူဘိုင်းနိုင်ငံမှ live လွှင့် အကူအညီတောင်းခံခဲ့သည့် လူကုန် ကူး ခံရသူ အမျိုးသမီး(၇)ဦးကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေး တင်ပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။