ရန်ကုန် ဇန်နဝါရီ ၁၆
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းရှိ အစည်းအဝေးခန်းမ၌ အရာထမ်းများ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း တာဝန်ကို ဌာနဆိုင်ရာအဖွဲ့အစည်း များတွင် မိမိတို့ဆန္ဒနှင့်အညီ ဝင်ရောက်လုပ်ကိုင်ကြသူများဖြစ်ရာ ဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အလုပ် သမားရေးရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ရုံးလုပ်ငန်းတာဝန်များ ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရန်လိုကြောင်း။
နိုင်ငံတော်အစိုးရယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေး ဝန်ထမ်းများသည် ကျရာကဏ္ဍမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်သမား ရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား သုံးပွင့်ဆိုင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိရေး မှန်ကန်စွာ စည်းကြပ် အကောင်အထည်ဖော်ရမည်ဖြစ် ကြောင်း၊ ဦးစီးဌာန၊ အဖွဲ့အလိုက် “ပေါင်းစည်းဟန်ချက် စွမ်းအားတက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးရန်လိုပြီး အဆင့်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊
လုပ်ငန်းခွင်၌ ယုံကြည်အားကိုး လေးစားမှု ခံရရေး အတွေ့အကြုံကောင်းများ ရယူရန် လိုပြီး လုပ်သက်ရင့်သူများအနေဖြင့် အတွေ့အကြုံကောင်းများ လက်အောက်သို့ မျှဝေပေး ရမည်ဖြစ်ကြောင်း၊ ပြန်လည်သတင်းပို့စနစ်ကို အောက်ခြေအဆင့်ထိ လိုက်နာဆောင်ရွက်စေပြီး တစ်ဦးချင်း စွမ်းဆောင်ရည်ရှိခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ရန်လိုသကဲ့သို့ ပေးအပ်သောတာဝန်ဝတ္တရားများကို သစ္စာရှိရှိ စွမ်းအားရှိသမျှ ထမ်းဆောင်ရန်နှင့် အချိန်လေးစား ရန်လိုကြောင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အစဉ်အလာကောင်း များကို ထိန်းသိမ်းရန်လိုကြောင်း၊ နိုင်ငံတော်၊ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် လုပ်ဖော်ကိုင်ဖက်များ အပေါ် သစ္စာစောင့်သိ၍ ဝန်ထမ်းအချင်းချင်း အပြန်အလှန် လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊
ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရန်ဟူသည့် စီးပွားရေး ဦးတည်ချက်သည် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် ကိုက်ညီသဖြင့် အရာထမ်းများအနေဖြင့် အလေးထားလိုက်နာရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေနိုင်သဖြင့် လုပ်သားအင်အားကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချနိုင်ရန်လိုပြီး စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သည့်ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေး၊ အလုပ်သမားများ အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်၍ သင့်တင့်ကောင်းမွန်သော လုပ်ငန်း ခွင်များ ဖန်တီးပေးရေးကို ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း။
အရာထမ်းများအနေဖြင့် လုပ်ငန်းခွင်မွမ်းမံသင်တန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်း များနှင့် ပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးပြုခြင်းအားဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုရန်လိုကြောင်း မှာကြားခဲ့ပြီး အဆိုပါသင်တန်းကို ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
