အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                           ဇွန်   ၆

       မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူ များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန် ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက် မှတ် ရယူမည့်ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြ သည်။     ဒုတိယဝန်ကြီးမှ NSSA အနေဖြင့် အလုပ်အကိုင် အမျိုးအစား (၇၁) မျိုးအတွက် ကျွမ်းကျင်မှုစံ (၁၀၄) ခုကို အတည်ပြုခြင်း၊ ပြန်လည်သုံးသပ်ပြင်ဆင်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီး မှုအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာန (၃၁၈) ခု၊ စစ်ဆေးအကဲဖြတ်သူ (၁၀၉၅) ဦး၊ စစ်ဆေးရေးမှူး (၁၄၁) ဦးကို အသိအမှတ် ပြုခဲ့ပြီး အလုပ်အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၃၂,၀၈၈) ဦးအနက် (၂၉,၅၈၄)ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ကြောင်း၊

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းကဏ္ဍ၊ လျှပ်စစ်အင်ဂျင် နီယာလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ၊ ကျန်းမာရေးလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ၊ ယွန်း/ ရက်ကန်းလုပ်ငန်းကဏ္ဍ တို့မှ ဖြေဆိုသူ (၃,၅၄၄) ဦးကို စစ်ဆေးအကဲဖြတ်၍ အရည်အသွေးပြည့်မီသူ (၃,၃၉၄) ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုအဆင့်အလိုက် ဖြေဆိုသူ (၂,၅၀၀) ဦး ကို စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသဖြင့်၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများအနေဖြင့် လျာထားချက်အတိုင်း ပြည့်မီရေး စစ်ဆေး အကဲဖြတ်မှုကို တွန်းအားပေးဆောင်ရွက်ရန်နှင့် Assessment Center များ၊ Chief Assessor နှင့် Assessor များ အားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊

          ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့မှ အလုပ်အကိုင် (၁၂) မျိုးအတွက် ကျွမ်းကျင် လုပ်သား (၇၁၇) ဦး နှင့် အလုပ်အကိုင် (၄) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၄) ခုတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စား လှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွမ်းကျင်မှုလေ့ ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းနှင့် လေအေးပေး စက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများအား သင်တန်းတွင် သင်ကြားပို့ချပေးသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို အလေးထားရယူပြီး လက်တွေ့နယ်ပယ်တွင်ကောင်းစွာအသုံးချသွားရန်နှင့် ခေတ်နှင့်အညီ ကျွမ်းကျင်မှုများ တိုးတက် မြင့်မားလာစေရေး စဉ်ဆက်မပြတ် ဆည်းပူးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် စမ်းချောင်းမြို့နယ်ရှိ Star Hospitality and Business Management International College တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသားများအား ပို့ချသည့်သင်ခန်းစာများကို အလေးထားမှတ်သား၍ သင်တန်းဆင်းပြီးသည်နှင့် NSSA အသိအမှတ်ပြုအမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရရှိနိုင်ရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။