မန္တလေး၊ ဒီဇင်ဘာ၁၅ရက်
၁။ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို မန္တလေးမြို့၊ စက်မှု ဇုန်(၁)၊ ကနောင်ခန်းမ၌ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊ NSSA နှင့်ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက သင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင် လုပ်သားများ အပါအဝင် စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။
၂။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် NSSA အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း စစ်ဆေးအကဲဖြတ်ရေးဌာန (၄၀) ခု အသိအမှတ်ပြုထားပြီး အထည်ချုပ်၊ လျှပ်စစ်၊ ဂဟေ၊ အုတ်စီ၊ အသေးစားစက်ပြင်၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး၊ လေအေးပေးစက် ပြုပြင် တပ်ဆင် အလုပ်အကိုင်များ အပါအဝင် အလုပ်အကိုင် (၁၈) မျိုးမှ ကျွမ်းကျင်လုပ်သား (၃၇၄၉) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း၊ ယနေ့ခေတ်သည် Globalization ကာလဖြစ်၍ နည်းပညာ တီထွင်ဆန်းသစ်မှုများ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေခြင်းကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တီထွင်ဆန်းသစ်မှုများကို အမီလိုက်နိုင်ရေးပညာရေး သာမက သက်မွေးပညာကျွမ်းကျင်မှုများပါ အရေးပါလာကြောင်း၊ ပညာရေး ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကသက်မွေးပညာ သင်တန်းကျောင်းများ၌ NSSA ကျွမ်းကျင်မှု “စံ”အခြေပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြီး သင်ကြားပို့ချနိုင်ရေး၊ ခေတ်မီစက်များကို ကိုင်တွယ် အသုံးပြုနိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်၍ တိုင်းဒေသကြီးအတွင်း၌ မိရိုးဖလာ လက်ငုတ်လက်ရင်းလုပ်ငန်းများဖြစ်သော စက်ရက်ကန်း နှင့် လက်ရက်ကန်း လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အစိုးရအထည်ချုပ်စက်ရုံများ၊ ပုဂ္ဂလိကအထည်ချုပ်စက်ရုံ များ၊ အခြား လူသုံးကုန် ပစ္စည်းထုတ်စက်ရုံများ၊ စက်ပစ္စည်းထုတ်စက်ရုံများ၊ အစိုးရတက္ကသိုလ်၊ ကောလိပ်များ၊ အစိုးရ၊ ပုဂ္ဂလိက အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ အများ အပြား ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှာဖွေသူများ အလုပ်အကိုင်ရရှိရေး၊ အလုပ်ရှင်များ လုပ်ငန်းခွင်လိုအပ်ချက်နဲ့အညီ ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ငန်းများနှင့် လုပ်သားဈေးကွက်အရ ကျွမ်းကျင် လုပ်သားအများဆုံး လိုအပ်သော လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရေး လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပရှိ ကျွမ်းကျင်လုပ်သားများကို ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ရရှိနိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြောကြားပါသည်။
၃။ NSSA မှ ရေးဆွဲသတ်မှတ်ထားသော ကျွမ်းကျင်မှု “စံ” များတွင် မန္တလေးတိုင်းဒေသကြီး၏ မိရိုးဖလာရိုးရာအမွေအနှစ် အလုပ်အကိုင်များဖြစ်သော ပန်းဆယ်မျိုးပါ ယွန်းလုပ်ငန်းဆိုင်ရာ သားရိုးပန်းကြွ၊ ရွှေဇဝါ၊ ကညစ်၊ သစ်အဖြူထည်၊ အနက်ထည်၊ ဝါးခွေထည် အလုပ်အကိုင်များ အတွက် ကျွမ်းကျင်မှု “စံ” အဆင့် (၁) ကို ရေးဆွဲသတ်မှတ်ပြီးဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ရက်ကန်းလုပ်ငန်းဆိုင်ရာစက်ရက်ကန်း၊ လက်ရက်ကန်း၊ ရိုးရာအချိတ်ရက်ကန်းအလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု “စံ” အဆင့် (၁) ရေးဆွဲသတ်မှတ်ပြီး ဖြစ်ပြီး ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
၄။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ ကျွမ်းကျင်လုပ်သားများ ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း စစ်ဆေးခဲ့သည့် အလုပ်အကိုင် ၁၂ မျိုးရှိ အရည်အချင်းပြည့်မီသူ လုပ်သား ၅၈၉ ဦးကို အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် Assessor ၅ဦး တို့ကို အသိအမှတ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။
၅။ NSSA သည် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်ထိ အလုပ်အကိုင် ၂၃ မျိုးမှ အမျိုးသား အဆင့်ကျွမ်းကျင်မှုအဆင့် (၁) (၁၃၂၄၀)ဦး နှင့်ကျွမ်းကျင်မှုအဆင့် (၂) (၁၀၅၉)ဦး၊ စုစုပေါင်းလုပ်သား ၁၄၂၉၉ ဦး ကို အရည်အချင်းပြည့်မီကြောင်း စစ်ဆေး အကဲဖြတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။