နေပြည်တော်ဖေဖော်ဝါရီ ၂၆ ရက်

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vinesနှင့် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တာဝန်ရှိသူများနှင့် နေပြည်တော် လူမှုဖူလုံရေးရုံးချုပ်၊ အစည်းအဝေးခန်းမ ၌ တွေ့ဆုံကာ လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ILO မှ နည်းပညာ အကူအညီပေးနေမှုများ၊ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines က မြန်မာနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် အကူအညီ ပေးရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများကို အားရ ကျေနပ်မိပါကြောင်း၊ လိုအပ်သော နည်းပညာအကူအညီများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ စတင်ကျင့်သုံးအကောင်အထည်ဖော် သည့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာမခံအလုပ်သမား (၇) သိန်းခန့်ရှိရာမှ ယခုအခါ အာမခံ အလုပ်သမား ၁,၄၆၇,၈၂၄ ဦး တိုးတက်လာခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများ၏ ကျန်းမာရေး ဝန်ဆောင်မှုနှင့် ဥပဒေပါ ငွေကြေးအကျိုးခံစားခွင့်များ လွယ်ကူလျင်မြန်စွာပေးနိုင်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများကို ILO ၏ နည်းပညာအကူအညီကို ရယူဆောင် ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍပြုပြင်ပြောင်းလဲခြင်း (IT Reform) အား ILO- Korea Project ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ဆောင်မှုပေးသည့်ကဏ္ဍပြုပြင် ပြောင်းလဲခြင်း (Medical Reform) အား ILO- Luxembourg Project ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှု ကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Administrative Reform) အား ILO- Vision Zero Fund Project ဖြင့် လည်းကောင်း၊ ဥပဒေရေးရာကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Legal Reform) အား (ILO- Labour Law Reform Project) ဖြင့်လည်းကောင်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် လူမှုဖူလုံရေးအဖွဲ့၏ ထည့်ဝင်ကြေးပေးသွင်းခြင်းနှင့် အကျိုးခံစားခွင့်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များအား e-Services လုပ်ငန်းများဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်