အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                   ဧပြီ ၂၈

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား များ၏အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သွေးလှူဒါန်းခြင်း၏ မွန်မြတ် မှုနှင့် အကျိုးကျေးဇူးကိုသိရှိစေပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်စေခြင်းဖြင့် လူမှုကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါသည်။

စုပေါင်းသွေးလှူဒါန်းခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်သည့်အပြင် သွေးတိုးရောဂါရှိသူများ၊ နာတာရှည်လူနာများ၊ ခွဲစိတ်ကုသမှုခံယူရမည့် လူနာများနှင့် ကိုယ်ဝန်ဆောင်များ မီးဖွားချိန်တွင် လိုအပ်ပါက အသုံးပြုနိုင်ရန်၊ အရေးပေါ်အခြေ အနေများတွင် အဆင်သင့် အသုံးပြုနိုင်စေရန်၊ ရှားပါးသောသွေးအုပ်စုများကို သွေးလှူရှင်များမှ တစ်ဆင့် ရရှိနိုင်စေရန်၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်စေရန် မျှော်မှန်း၍ အလုပ်သမား ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများအနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ခြင်းဖြစ်ပါသည်။

ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နေပြည်တော်တွင် ကျင်းပသည့် စုပေါင်းသွေးလှူဒါန်းပွဲ တွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း(၇၂)ဦး သွေးလှူဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် သွေးလှူရှင် ဝန်ထမ်း များအား ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်မှ တာဝန်ရှိသူများထံသို့ အလှူငွေကျပ် (၃၀)သိန်းအား လှူဒါန်းခဲ့ပြီး ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။