အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်၊ ပုလဲလမ်းမကြီး၊ အမှတ်(၁၂၅၉)ရှိ လူမှုဖူလုံရေး-သုခစုစံအထွေထွေရောဂါကုဆေးခန်းနှင့် ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ မဟာ ဗန္ဓုလလမ်းမ၊ အမှတ်(၈၆၂)ရှိ လူမှုဖူလုံရေး-ကောင်းဇေအထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲ အခမ်းအနားများ ကျင်းပခဲ့သည်။

လူမှုဖူလုံရေး- သုခစုစံ အထွေထွေရောဂါကုဆေးခန်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဖဲကြိုးဖြတ်ဖွင့်လှစ်
လူမှုဖူလုံရေး- ကောင်းဇေ အထွေထွေရောဂါကုဆေးခန်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဖဲကြိုးဖြတ်ဖွင့်လှစ်

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ လူမှုဖူလုံရေး-သုခစုစံအထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး-ကောင်းဇေအထွေထွေရောဂါကု ဆေးခန်း တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မြို့နယ်ပေါင်း (၁၁၆) မြို့နယ်၊ အကျုံးဝင်မှတ်ပုံတင်အလုပ်ဌာန (၃၄၈၇၈) ဌာနနှင့် အကျုံးဝင်အာမခံအလုပ် သမားပေါင်း (၁၂၁၁၃၇၁) ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အလုပ်ဌာန (၁၃၉၈၈) ဌာနနှင့် အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၈၆၃၅၃၃) ဦးရှိပြီး အဆိုပါအာမခံ အလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

လူမှုဖူလုံရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဌာနပိုင်အလုပ်သမား ဆေးရုံကြီး (၃)ရုံ၊  မြို့နယ်ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်း၊ ပုဂ္ဂလိကနှင့်ပူးပေါင်း၍ Fee For Service စနစ်ဖြင့် စာချုပ်ဆေးခန်း(၁၂)ခန်း၊ Capitation Payment စနစ်ဖြင့် ပြင်ပလူနာကုသမှုဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော ဆေးရုံ/ ဆေးခန်း (၂၄)ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သောဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော ဆေးရုံ/ သားဖွား ခန်း(၉)ခန်း၊ ရွှေ့လျားဆေးကုသယာဉ် (၂)စီးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိပြီး အာမခံအလုပ်သမားများကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုဆေးခန်း (၂)ခန်း အပါအဝင် Capitation Payment စနစ်ဖြင့်  ပုဂ္ဂလိက စာချုပ်ဆေးရုံ/ဆေးခန်း (၂၆) ခန်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ် မနက် (၈) နာရီမှ ညနေ (၆) နာရီထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်