အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊မတ် လ ၁၁ ရက်

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကော်မတီ ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အမျိုးသားကော်မတီညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမား၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာ၌ ၂၀၁၃ ခုနှစ်အတွင်းပြဋ္ဌာန်းခဲ့သည့် အနည်းဆုံးအခကြေးငွေဥပဒေနှင့် နည်းဥပဒေနှင့်အညီ အမျိုးသားကော်မတီက အနည်းဆုံးအခ ကြေးငွေကို ၂ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သတ်မှတ်နိုင်ရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီများဖွဲ့စည်းခြင်း၊ အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရန် အစည်း အဝေးနှင့်ဆွေးနွေးပွဲများကျင်းပခြင်း၊ မေးခွန်းလွှာများဖြန့်ဝေ၍ စစ်တမ်းကောက်ယူခြင်း၊ အဆိုပြု အနည်းဆုံးအခကြေးငွေထုတ်ပြန်ခြင်း၊ အတည်ပြုအနည်းဆုံးအခကြေးငွေ ထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် မေလတွင် မြန်မာနိုင်ငံရှိ အလုပ်သမား များအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့် လုပ်ငန်းများကို တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀/- နှုန်းဖြင့် အလုပ်ချိန် (၈) နာရီ (တစ်ရက်) အတွက် ကျပ် ၄၈၀၀/- ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အနည်းဆုံးအခ ကြေးငွေပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ၁-၁၂-၂၀၁၉ ရက်နေ့၌ ဝန်ကြီးဌာနနှင့် Union Aid Abroad APHEDA တို့ပူးပေါင်းကျင်းပခဲ့ရာ၊ ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူများပါဝင်ဆွေးနွေးခဲ့သည့်အတွက်အထောက်အကူဖြစ်စေခဲ့ကြောင်း၊ ဒုတိယအကြိမ်ပြင်ဆင်သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို ဥပဒေနှင့်အညီ လိုအပ် ချက်အရ ပြင်ဆင်သတ်မှတ်နိုင်ရန် ပြန်လည်သုံးသပ်ခြင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာအမျိုးသား ကော်မတီဝင်များ၏လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်ယနေ့အမျိုးသား ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အမျိုးသားကော်မတီအနေနှင့်အစည်းအဝေး မကျင်းပမီ၇-၆-၂၀၁၉ရက်နေ့မှာ ပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီးနှင့်ပြည်နယ်ကော်မတီများ ထံအခြေခံသင့်သည့် အချက်များ၊ စဉ်းစားသင့်သည့် အချက်များလေ့လာပြီး သတ်မှတ်သင့်သည့် အဆိုပြုနှုန်းထားနှင့် သတ်မှတ်သင့်သည့်ပုံစံများကို အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ရှိမှုအလိုက် စဉ်းစားသုံးသပ် ပြန်လည်တင်ပြရန်၊ ၂၈-၈-၂၀၁၉ ရက်နေ့တွင် တစ်နှစ် တစ်ကြိမ် စစ်တမ်းကောက်ယူပြီး စိစစ်တွက်ချက်ခြင်း၊ သတ်မှတ်သင့်သည့်နှုန်းထားများ၊ အကြံပြု ချက်များအပါအဝင် ကော်မတီအလိုက် ဆောင်ရွက်ချက်များ လစဉ်တင်ပြရန် အကြောင်းကြားခဲ့ ကြောင်း၊၂၀-၁-၂၀၂၀ရက်နေ့ တွင် စာရင်းစစ်တမ်းကောက်ယူခြင်း၊ အလုပ်ရှင်များပေးနိုင်သည့်နှုန်း၊ အလုပ်သမားများတင်ပြသည့်နှုန်းများကို လေ့လာဆန်းစစ်ပြီး အဆင့်ဆင့်စိစစ်တွက်ချက်ကာသတ် မှတ်သင့်သည့်အဆိုပြုနှုန်းထားကို ၁၀-၄-၂၀၂၀ရက်နေ့ နောက်ဆုံးထားတင်ပြရန် ထပ်မံအကြောင်း ကြားခဲ့ကြောင်း၊ အမျိုးသားကော်မတီသက်တမ်းသည် ၁၅-၂-၂၀၂၀ ရက်နေ့တွင်သုံးနှစ် ပြည့်သည့် အတွက် သက်တမ်းကုန်ဆုံးချိန် အသစ်ပြန်လည်ဖွဲ့စည်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ အမျိုးသားကော်မတီကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် (၂၈)ဦး ဖြင့်လည်းကောင်း ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းပေးခဲ့ကြောင်း၊ အနည်းဆုံးအခကြေးငွေပြင်ဆင် သတ်မှတ်နိုင်ရေး ပြန်လည်သုံးသပ်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်ကိုထည့်သွင်း စဉ်းစားကြရမှာ ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများအနေဖြင့် အထည်ချုပ်လုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် စစ်တမ်းကောက်ယူနေခြင်း၊ အလုပ်ရှင်များအနေဖြင့်လည်း ပြင်ပ အဖွဲ့အစည်းငှားရမ်းပြီး စစ်တမ်းကောက်ယူ နေခြင်းတို့ကိုကြားသိရ၍ အချက်အလက်အခိုင်အမာ နှင့်တင်ပြပါက အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီအလိုက် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး စာရင်းစစ်တမ်းကောက်ယူ ခြင်း၊ အလုပ်သမားများက တင်ပြသည့် နှုန်းထားအပေါ် အလုပ်ရှင်များကပေးနိုင်သည့် နှုန်းထားကို မှန်ကန်မျှတစွာလေ့လာဆန်းစစ်ပြီးသတ်မှတ်သင့်သည့် နှုန်းထားနှင့်ပုံစံများကိုအမျိုးသားကော်မတီ သို့ တင်ပြချက်အချို့ရှိပါကြောင်း၊ ကော်မတီအားလုံးအနေဖြင့် မိမိနယ်မြေအလိုက် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပြီး ဆောင်ရွက်ချက်များကို ယခုအစည်းအဝေးမှာ တင်ပြနိုင်ကြောင်း၊ အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးအခကြေးငွေ နှုန်းထားကို ပြင်ဆင်သတ်မှတ်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခြေအနေများ ကိုထည့်သွင်းစဉ်းစား၍ မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေ နှင့်ကိုက်ညီမည့် အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမည့် အနည်းဆုံးအခကြေးငွေ တစ်ရပ်သတ်မှတ် နိုင်ရန် ဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဆိုပြုနှုန်းထားကို တင်ပြနိုင်ရန် တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အသီးသီးဆွေးနွေးတင်ပြ ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ညနေ ၁၆:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိသည်။