အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့၊ ဧပြီလ ၂၈ ရက်

မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အထည်ချုပ်ကဏ္ဍ ဖြစ်လာစေရေး အလုပ်ရှင်၊ အလုပ်သမားများ ကိုးကားအသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့ ပူးပေါင်း ၍ အထည်ချုပ်လုပ်ငန်းအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် အသိပေးရှင်းလင်းပွဲကို ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် ၂၈-၄-၂၀၁၈ ရက် နေ့၊ မနက်ပိုင်း၌ကျင်းပခဲ့ပါသည်။

အသိပေးရှင်းလင်းပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen၊ ဦးစီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အထည်ချုပ်လုပ်ငန်းအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် ပြုစုရေးဆွဲခဲ့ရာတွင် ပါဝင်ခဲ့သည့် သုံးပွင့်ဆိုင် အဖွဲ့ဝင် များ၊ အထည်ချုပ်စက်ရုံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀ )ဦးခန့်တက်ရောက်ခဲ့ပါသည်။

အသိပေးရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒိန်းမတ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန အပါအဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ လူမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အလုပ်သမားများ၏ လူမှုစီးပွား ဘဝတိုးတက်မြင့်မားရေးအတွက် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထည်ချုပ် ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသော လုပ်ငန်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ် အထည်ချုပ်ကဏ္ဍတွင် အလုပ်သမား (၁) သန်းမှ (၁.၅) သန်းထိ အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၈ ဘီလီယံမှ ၁၀ ဘီလီယံထိ တိုးလာမည်ဟု ခန့်မှန်းထားပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် အလေ့အထကောင်းများ အတိုင်း ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေး မြင့်တက်လာပြီး ဥရောပ၊ အမေရိကကဲ့သို့ နိုင်ငံတကာ စျေးကွက်ကြီးများသို့ တိုးမြှင့် တင်ပို့နိုင်မှာဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်းများအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင်ကို သုံးပွင့်ဆိုင် ပူးပေါင်းပြုစု ရေးသားခဲ့ကြောင်း၊ လမ်းညွှန်စာစောင်တွင် အထည်ချုပ် လုပ်ငန်းများ၌ အဓိကဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ၊ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမား များအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သင့်သည့် အချက်များ ဖော်ပြထားကြောင်း၊ အထည်ချုပ်လုပ်ငန်းများ သာမက အခြားလုပ်ငန်းများရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများပါ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ကိုးကားအသုံးပြုနိုင်သည့် လမ်းညွှန်စာစောင်ဖြစ်၍ များစွာ အကျိုးရှိ စေမှာ ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen က အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen ဦးဆောင်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ ပြဌာန်းချိန် အကောင်အထည်ဖော်ရမည့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။