အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                           စက်တင်ဘာ ၁၉

          စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိ ကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်မှုဇုန်အသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်သမားများ လုပ်ခလစာအချိန်မီရရှိနိုင်ရေး၊ အလုပ်သမား ရေးရာအငြင်းပွားမှုများအား ဥပဒေနှင့်အညီဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင် များတွင် ကြုံတွေ့ နေရတဲ့ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပြီး အောင်မြင်စွာအကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရ ခြင်းဖြစ်ကြောင်း။

          ဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊    အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည် မျှော်မှန်းချက်များချမှတ်၍ တည်ငြိမ်အေးချမ်းသည့်လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော် ကောင်းမွန်သည့်အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေးစသည့်ရည်မှန်းချက် (၉) ရပ်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံ၊ အလုပ်ရုံ ၂၉၁ ရုံနှင့်အလုပ်သမား ၁၀၄၇၉၈ ဦး အလုပ်ရပ် နားခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကာလအတွင်း အသစ်ဖွင့်လှစ်သည့်စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပြန်လည်ဖွင့်လှစ်သည့်စက်ရုံ ၁၀၀ ရုံ ရှိသဖြင့် စုစုပေါင်း ၂၁၄ ရုံရှိခဲ့ပြီး အလုပ်သမား ၅၄၈၁၉ ဦး အလုပ်အကိုင်များ ပြန်လည်ရရှိစေခဲ့ ပါကြောင်း၊

နိုင်ငံအနေဖြင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့်ကွန်ဗင်းရှင်း (အမှတ်-၈၇) ကိုလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြေခံအလုပ်သမားအဖွဲ့အစည်း (၂၈၉၂) ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၆၂)ဖွဲ့၊တိုင်းဒေသကြီး/ပြည်နယ်အလုပ်သမားအဖွဲ့ (၂၆) ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် (၉) ဖွဲ့နှင့် အလုပ်သမားအဖွဲ့အစည်းအသင်းချုပ် (၁) ဖွဲ့ရှိပြီး အဆိုပါအလုပ် သမားအဖွဲ့အစည်းများတွင် အဖွဲ့အစည်းဝင် ၁၉၀,၀၀၀ ဦး ရှိပါကြောင်းနှင့် အလုပ်သမားအဖွဲ့ အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေးဥပဒေနှင့် အညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘော ဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံ ရေးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊

          Online ဖြင့် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ခုံသမာဓိအဖွဲ့ဝင်များနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်း ဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း။

          ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေနွေးတင်ပြခဲ့ပြီး Online ဖြင့် တက်ရောက်လာကြသော ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်း ဆွေးနွေး၍ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။     

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဟန်ချက်ညီဖြေရှင်းနိုင်ရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း၍ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး၊ လူနေမှုဘဝမြင့်မားစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။