မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အတည်ပြုပါဝင်ထားသော အသင်း အဖွဲ့များလွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ် (၈၇) ကို ILO နှင့် ပူးပေါင်း၍ အပြည့်အဝလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်နှင့် အလုပ်သမားများအကြား၊ အလုပ်သမားအချင်းချင်းအကြား အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်သမားများအားကိုယ်စားပြု၍ လွတ်လပ်စွာဆွေးနွေး ဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အခြေခံအလုပ်သမား အဖွဲ့အစည်း ၂၈၂၄ ဖွဲ့၊ မြို့နယ် အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ် သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားရေးရာအဖွဲ့ ၁ ဖွဲ့၊ အခြေခံအလုပ်ရှင် အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့ချုပ် ၁ ဖွဲ့ စုစုပေါင်း ၃၀၄၃ ဖွဲ့ တို့ကို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြု လက်မှတ်များထုတ်ပေးခဲ့ပြီး ၎င်းအဖွဲ့အစည်းများအား ကိုယ်စားပြုသည့် အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသောအငြင်းပွားမှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့်မြန်ဆန်စွာ ရရှိခံစားနိုင် စေရန် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနအဆင့်တွင် အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးနှစ်ဖက် လွတ်လပ်စွာညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော် မတီ(WCC)များ ဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး နှစ်ဦးနှစ်ဖက်ပြေလည်မှုမရရှိသော အလုပ်သမားရေးရာကိစ္စရပ်များကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားသုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ၃၂၅ ဖွဲ့၊ ခုံသမာဓိအဖွဲ့ ၁၅ ဖွဲ့နှင့် ခုံသမာဓိကောင်စီတို့မှ အဆင့်ဆင့်ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိပြီး အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတွင် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများ နှင့်ရလဒ်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ လည်းကောင်း၊ မန္တလေးမြို့၊ မြို့တော်ခန်းမ၌လည်းကောင်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါနှီးနှောဖလှယ်ပွဲများ၌ ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့ဝင်များနှင့် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များဖြစ်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ အနေဖြင့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှုများအား ညှိနှိုင်းဖျန်ဖြေစစ်ဆေးဆုံးဖြတ်ရာ၌ တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များ၊ ဥပဒေနှင့်အညီဖြေရှင်းပေးနိုင်မှုများ၊ အခွင့်အရေးဆိုင်ရာနှင့်အကျိုးစီးပွားဆိုင်ရာတောင်းဆိုမှုများ ရောထွေးလျက်ရှိသောအငြင်းပွားမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအတွက် ထွက်ပေါ်လာခဲ့သည့် ရလဒ်ကောင်းများအရ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များဖြစ်ကြသည့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် မိတ်ဖက်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါ သည်။
ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများတွင် လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို အလေးထားဆောင်ရွက်လျက်ရှိရာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး၊ စက်မှုဇုန်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အရေးကြီးလူနာများအတွက် ဆေးဝါးဝယ်ယူရေးကိစ္စများ အဆင်ပြေစေရေး၊ လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ဆေးကုသမှုခံယူရေး၊ အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစား နိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ကိုဗစ် ၁၉ ကပ်ရောဂါ၏အကျိုးဆက်ကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးထိခိုက်မှုများ ဖြစ်ပွားခဲ့ရပြီး မြန်မာနိုင်ငံတွင်လည်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမားများ၏ လူမှုစီးပွားဘဝများအပေါ် ရိုက်ခတ်မှုများ၊ အလုပ်အကိုင်ဆုံးရှုံးမှုများရှိလာခဲ့ရာ အလုပ်အကိုင် ဆုံးရှုံးခဲ့ရသောအလုပ်သမားများနှင့် အလုပ်ရှာဖွေနေသူများအနေဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါ လျော့ပါးသက်သာလာချိန်တွင် ပြန်လည်ဖွင့်လှစ်သည့်စက်ရုံများ၊ အသစ်ထပ်မံဖွင့်လှစ်မည့် စက်ရုံများတွင် ပေါ်ပေါက်လာသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး၊ အလုပ်အကိုင်လိုအပ်ချက်နှင့်အညီ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားများအနေဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများခံစားရရှိနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်မှ အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား ရပိုင်ခွင့်နှင့်တာဝန်များကို ရှင်းလင်း စွာသိရှိစေရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များ ချုပ်ဆိုဆောင် ရွက်ရေး၊ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အလုပ်ရှင်နှင့်အလုပ်သမားများ တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးဖြေရှင်း ဆောင်ရွက်လျက်ရှိသည့်အပြင် စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းမှုကြောင့် အချို့သောအလုပ်သမားအဖွဲ့အစည်းများ၏ ဆက်လက်ရပ်တည်နိုင်မှု၊ သုံးပွင့်ဆိုင်ဆွေးနွေးမှုများတွင် အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားပြုမှုများကို ပြန်လည်အားကောင်းလာစေရန်အတွက် အစိုးရမှဦးဆောင်၍ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် အလုပ်သမားများ၏ လူမှုစီးပွားဘဝများအပေါ် ရိုက်ခတ်မှုများကြောင့် ဝင်ငွေဆုံးရှုံးများရှိခဲ့ရာ လူမှုဖူလုံရေးထည့်ဝင်ကြေးများကို သက်ဆိုင်ရာလကုန်ဆုံးပြီး ၃ လထက် နောက်မကျစေဘဲ ပေးသွင်းခြင်းအစား ၂၀၂၁ ခုနှစ်၊ မေလမှစ၍ သက်ဆိုင်ရာလကုန်ဆုံးပြီး ၆ လထက် နောက်မကျစေဘဲ ပေးသွင်းခြင်းအပေါ် ပျက်ကွက်ကြေးများကိုကင်းလွတ်ခွင့်ပြုသည့် အမိန့်ကြော် ငြာစာထုတ်ပြန်ခြင်း၊ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသည့် အာမခံအလုပ်သမားများ အတွက် တစ်နှစ်အထိဆေးကုသမှုခံယူခွင့်နှင့် ဆေးဖိုးခရီးစရိတ်များခွင့်ပြုခြင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစားနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါ သည်။
သို့ရာတွင် နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသော NUG နှင့် CRPH အဖွဲ့များကိုထောက်ခံအားပေးမှုပြုနေသည့် အဖွဲ့အစည်းအချို့က အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် အပြုသဘောမဆောင်သော မဟုတ်မမှန်သည့်သတင်း အချက်အလက်များ ဖြန့်ဝေလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားသုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများကို ပြိုကွဲစေခြင်းဖြင့် အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပကတိအခြေအနေတွင် အလုပ်သမားများ၏ အကျိုးစီးပွားကိုလိုလားသော အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အစိုးရနှင့် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင်ပူးပေါင်း၍ အလုပ်သမားရေးရာကိစ္စရပ်များကို တက်ညီလက်ညီဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများကို မလိုလားသော အဖွဲ့အစည်းများမှ အပြုသဘောမဆောင်သည့် ထုတ်ပြန်ချက်များ မည်သို့ထုတ်ပြန်နေသည်ဖြစ်စေ သုံးပွင့်ဆိုင်ယန္တရားပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့အား ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။
လုပ်သားမောင်