ရန်ကုန် မေ ၂၀။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို မေလ ၂၀ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးက အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းတွင် (WCC) အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများ၊ ဥပဒေပါအကျိုး ခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအစီအမံများ၊ လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရမည့်တာဝန်များ၊ အလုပ်ချိန်ဆိုင်ရာပြဋ္ဌာန်းချက်များစသည့် ဥပဒေပါ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်၊ အငြင်းပွားမှုဖြေရှင်းသူများ လိုက်နာရမည့် ကျင့်ဝတ်များ သိရှိစေခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော အငြင်းပွားမှုများ၊ သဘောထား ကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေရန် အတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ များကို တိုင်းဒေသကြီးတာဝန်ခံများက ရှင်းလင်းဆွေးနွေးခြင်း၊ WCC အဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခြင်း၊ အငြင်းပွားမှုများကို လက်တွေ့သရုပ်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
WCC အဖွဲ့ဝင်များအနေဖြင့် စွမ်းရည်မြှင့်သင်တန်းတက်ရောက်ခြင်းဖြင့် ဥပဒေပါအကျိုး ခံစားခွင့်များကိုသိရှိကာ အငြင်းပွားမှုများကို WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်ခြင်း၊ သက်ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကိုတင်ပြကာ နှစ်ဖက်လိုလားချက်များကို ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သောလုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စည်းကြပ်နယ်မြေရှိ စက်ရုံ၊ အလုပ်ရုံ (၂၀)ရုံမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ရာ သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး (၁၆:၁၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။

