ဧရာဝတီ ဇူလိုင် ၉။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ဇူလိုင်လ ၉ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်း တွင် WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများ၊ ဥပဒေပါအကျိုးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအစီအမံများ၊ လုပ်ငန်းခွင် ဆိုင်ရာ လိုက်နာရမည့်တာဝန်များ၊ အလုပ်ချိန်ဆိုင်ရာပြဋ္ဌာန်းချက်များစသည့် ဥပဒေပါလိုက်နာ ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်၊ အငြင်းပွားမှုဖြေရှင်းသူများ လိုက်နာရမည့် ကျင့်ဝတ်များ သိရှိစေခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသောအငြင်းပွားမှုများ၊ သဘောထား ကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေရန် အတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ များကို တိုင်းဒေသကြီးတာဝန်ခံများက ရှင်းလင်းဆွေးနွေးခြင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင် ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခြင်း၊ အငြင်းပွားမှုများကို လက်တွေ့ သရုပ်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
WCC အဖွဲ့ဝင်များအနေဖြင့် စွမ်းရည်မြှင့်သင်တန်းတက်ရောက်ခြင်းဖြင့် ဥပဒေပါအကျိုး ခံစားခွင့်များကိုသိရှိကာ အငြင်းပွားမှုများကို WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်ခြင်း၊ သက်ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကိုတင်ပြကာ နှစ်ဖက်လိုလားချက်များကို ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သောလုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ စည်းကြပ်နယ်မြေရှိ စက်ရုံ၊ အလုပ်ရုံ (၁၀)ရုံမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်း သား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ရာ သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး (၁၆:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။

