အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                  ဇူလိုင် ၁၀

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး  ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ အပါအဝင် ၁၃၅ ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် က အဖွင့်အမှာ စကားပြောကြားရာ၌ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပခြင်းဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုကြောင့် အဂတိမြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ဝန်ထမ်းများ သိရှိ နားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်မည် ဖြစ်ပါကြောင်း၊

အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့် အပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ မိမိ၏ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ “ကာကွယ်ခြင်း ဟာ ကုသခြင်းထက် ကောင်းတယ်”ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများပေါ်ပေါက်မှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်ကာကွယ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဌာနဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ၊

အလုပ်သမားဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကို လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် စုစုပေါင်း (၁၅) ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့သည် ကော်မရှင်နှင့်ညှိနှိုင်း ပူးပေါင်းပြီး အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း သည့် အသိပညာ၊ ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန်နှင့် မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင် ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူ အဖြစ်သာသိကြပြီး ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင် ပစ္စည်း များကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိမိသားစုနှင့် ဆွေမျိုး ကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်း ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ဆိုင်ရာ အသိအမြင်၊ ဗဟုသုတများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင် ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်းနှင့် ထပ်ဆင့်မျှဝေပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။       

          ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝ များ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          နေ့လယ်ပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။