အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                      ဩဂုတ်လ  ၂၈

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ် သမားရေးရာ တာဝန်ရှိသူများနှင့်အတူ တောင်ဒဂုံမြို့နယ်ရှိ Arbourfield Assessment Center ၌ ဂဟေလုပ်သား Level-1၊ Level-2 အလုပ်အကိုင် အတွက် ဖြေဆိုသူများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုအား ကြည့်ရှုစစ်ဆေး၍ နေ့လယ်ပိုင်း တွင် ရန်ကင်းမြို့နယ်ရှိ Athean Community College တွင် ဟိုတယ် အလုပ် အကိုင်နှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ် ပို့ချနေမှုကို သွားရောက် အားပေးခဲ့သည်။

        ဒုတိယဝန်ကြီးမှ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(NSSA)၏ ရည်ရွယ်ချက်နှင့်အညီ မြန်မာနိုင်ငံ၏ လုပ်သားဈေးကွက်နှင့် ကိုက်ညီ မည့် အလုပ်အကိုင်များအတွက် လိုအပ်သည့်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုသင်တန်းများပေး၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ၂၀၁၄ ခုနှစ်မှ  ယနေ့ထိ အလုပ်အကိုင် ၅၂ မျိုးအတွက် စစ်ဆေး အကဲဖြတ်ရေးဌာနများတည်ထောင်၍ စစ်ဆေးရေးမှူးနှင့်စစ်ဆေး အကဲဖြတ်သူများ တာဝန် ပေးအပ်ကာ ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးအကဲဖြတ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊

        အထည်ချုပ်ကဏ္ဍကို ဦးစားပေး၍ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်သားဈေးကွက်နှင့် ကိုက်ညီမည့် အလုပ်အကိုင်များ အတွက် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရရှိထားသည့် လုပ်သား များသည် ဒေသတွင်းသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားအဖြစ် ကြိုးပမ်းအားထုတ်ရန် လိုကြောင်း၊

        မြန်မာနိုင်ငံအတွင်း ထူထောင်ပြီး စက်မှုဇုန်များနှင့် ထပ်မံဆောင်ရွက်မည့် ဒေသ အလိုက် စက်မှုဇုန်များတွင် ကျွမ်းကျင်လုပ်သားများစွာ လိုအပ်လျက်ရှိသဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အားပေးထောက်ပံ့မှု များကို သိရှိနားလည်၍ လုပ်ငန်းခွင်တွင် ကုန်ထုတ်စွမ်းအား မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

        ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားခရီးသွားများ လာရောက် တည်းခိုချိန်တွင် ဟိုတယ်အသီးသီး ရှိ လုပ်သားများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို အကောင်းဆုံးပြသရန်လိုကြောင်း၊  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Hotel Tourism Training Center တွင် ဟိုတယ်အလုပ်အကိုင်နှင့်ပတ်သက်၍ စွမ်းဆောင်မှုမြင့်မားရေး သင်တန်းပို့ချနေမှု ကို သွားရောက်အားပေးခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ စက်မှုလုပ်ငန်း များရှိ ဂဟေလုပ်သားများ အနေဖြင့်လည်း အကောင်း ဆုံး စွမ်းဆောင်မှုပြသ၍ မိမိတို့ အသက်မွေးဝမ်းကျောင်း အဆင်ပြေချောမွေ့စေရေး အလေးထား ဆောင်ရွက်ပေးရန်နှင့် လုပ်ဖော် ကိုင်ဖက် လုပ်သားများကို အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ရယူထားနိုင်ရေးလက်ဆင့် ကမ်း ပြောကြားပေးရန်  မှာကြားခဲ့သည်ဟု သတင်းရရှိသည်။