နေပြည်တော် ၊၂၄ – ၂ – ၂၀၂၀
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့နံနက် ၉:၀၀နာရီ အချိန်တွင် နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်သည့် “သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေ ပြင်ဆင်ရေးအမျိုးသားအဆင့် ပါဝင်သက်ဆိုင်သူများ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲ” အခမ်း အနား သို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ သံအမတ်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆို်ငရာဌာနများမှ တာဝန်ရှိသူများ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခုံသမာဓိ ကောင်စီနှင့် ခုံသမာဓိအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီမှကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ပြည်ထောင်စုဝန်ကြီးကအဖွင်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသည် နိုင်ငံတော်အနေဖြင့်ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလုပ်သမားဥပဒေပြင်ဆင်ရေးနှင့်သင့်လျော်ကောင်းမွန်သော လုပ်ငန်းအစီ အစဉ် အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည့်နည်းပညာနှင့်အထောက်အပံ့များရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အခြားဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်နိုင်ရန်နှင့် အဆိုပါကဏ္ဍနှင့် သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးမိတ် ဖက်များ၊ အစိုးရမဟုတ်သည့်ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများ ၊ကျွမ်းကျင်ပညာရှင်များတက်ရောက်ဆွေးနွေးညှိနှိုင်းပြီးဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ချမှတ်ဆောင်ရွက်ပေးနိုင်ရေးအတွက်ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲပထမနေ့တွင်ကောင်းမွန်သောဥပဒေမူဘောင်များနှင့်အလေ့အကျင့်ကောင်းများ ကို လိုက်နာကျင့်သုံးခြင်းဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ရန် နှင့် မူဝါဒပိုင်းနှင့် လုပ်ငန်းခွင်များတွင် လူမှုရေးတွေ့ဆုံဆွေးနွေးမှုများ အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ မြှင့်တင်ခြင်းလုပ်ငန်းစဉ်၏ အဓိကကျ သောအခန်းကဏ္ဍတစ်ရပ်အနေဖြင့် အလေးထားဆွေးနွေးကြမှာ ဖြစ်ပါပြီး ဒုတိယနေ့ တွင် အလုပ်သမားဥပဒေပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းစဉ်နှင့် လတ်တလော ဦးစားပေးဆောင်ရွက် ရမည့်နည်းပညာပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအဓိကထားဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ အလုပ်သမားရေး ရာကဏ္ဍကို ကောင်းမွန်စွာ စီမံခန့်ခွဲမှုသည် အဓိကအချက်တစ်ချက်အဖြစ် ပါဝင်ပါသဖြင့် ခိုင်မာ အားကောင်းသည့် ဥပဒေမူဘောင်ရှိမှသာ အလုပ်သမားများ အခြေခံအခွင့်အရေး ခံစားနိုင်ရေး၊ တည်ငြိမ်တဲ့လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟချက်နည်းစေရန် ကုန်ထုတ်လုပ်မှုတိုးတက်ရေး ဆက်စပ်အထောက်အကူ ဖြစ်စေမှာဖြစ်သဖြင့် အဆိုပါမူဘောင်များ သည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှသာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဓိကတွန်းအားတစ်ခုဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှ (FDI) များဝင်ရောက်ဖို့ အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း။ အခြားနိုင်ငံများမှ ဝင်ရောက်လာမည့် FDI တွေဟာ နိုင်ငံ၏လူမှုစီးပွား တိုးတက်မှုကို အမှန်တကယ်အထောက်အကူဖြစ်စေရန် ချမှတ်ထားသည့် မူဘောင်များအပြန် အလှန် ထိန်းညှိသွားနိုင်မှာ ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ILO တို့မှ နိုင်ငံ၏ လိုအပ်ချက်၊ ILO စံနှုန်းများ၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ကိုက်ညီမှုရှိသော မြန်မာနိုင်ငံအတွက် ပထမဆုံးသင့်လျော် ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ် (Decent Work Country Programme-DWCP)(၂၀၁၈-၂၀၂၁)ကို ရေးဆွဲ၍ ၂၁–၉–၂၀၁၈ရက်နေ့တွင်ထုတ်ပြန်နိုင်ခဲ့ပြီး ဖွံ့ဖြိုးမှုမိတ်ဖက်များ၏အထောက်အပံ့နှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျွမ်းကျင်မှုရှိသောလုပ်သားထုဖြစ်စေရန် ၂၀၁၃ ခုနှစ်၊အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုး ရေးဥပဒေနှင့်အညီ ခိုင်မာသောမူဝါဒ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဦးစားပေးဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲမှုများကို တစ်ပြိုင်နက်ဆောင်ရွက်နေရသည့်အတွက် လိုအပ်ချက်များရှိနေပါသဖြင့် မှန်ကန်တဲ့စိတ်ရင်းနှင့် အကူအညီပေးကြသော ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန်နိုင်ငံတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ သည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျွမ်းကျင်မှုရှိပြီးများကို သင့်လျော်ကောင်းမွန် သည့် အလုပ်အကိုင်များရှိစေရန် “စံ” ရေးဆွဲစစ်ဆေးအကဲဖြတ်ပြီး အသိအမှတ်ပြုအထောက် အထားများထုတ်ပေးခြင်း၊ ရေးဆွဲထားသည့်စံနှုန်းများနှင့်အညီလေ့ကျင့်သင်ကြားပေးခြင်း၊ ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်စေရန် အကူအညီပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် ILO နှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ကျော် အကြာ တွင် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးဖြေရှင်းမည့် National Complaint Mechanism တစ်ခု ကို ထူတောင်နိုင်ခဲ့ပြီး အဓမ္မခိုင်းစေမှုတိုင်ကြားချက်တွေကို လွတ်လွတ်လပ်လပ် လုံခြုံမှုရှိစွာ တိုင်ကြားနိုင်ကြောင်း မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊ FM ရေဒီယိုများတွင် မြန်မာ၊ အင်္ဂလိပ်၊ တိုင်းရင်းသားဘာသာ စကားများဖြင့်လည်းကောင်း၊ နေ့စဉ်ထုတ်သတင်းစာများတွင် မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့်လည်းကောင်း ၁၁-၂-၂၀၂၀ ရက်နေ့မှစ၍ ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်ဆောင်ရွက်လျက်ရှိပြီး၊ (၁၄)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေး ပွဲတွင် ဆွေးနွေးခဲ့မှုများအရ ဖွဲ့စည်းထားပြီး ဖြစ်သည့် National Complaint Mechanism အကောင်အထည်ဖေါ်ရေးအမျိုးသားကော်မတီတွင် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် များပါဝင်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
အဓမ္မခိုင်းစေမှုနှင့် အကျုံးဝင်သည့် အသက်မပြည့်စုဆောင်းမှုနှင့် ဆန္ဒမပါဘဲ စုဆောင်းခံ ရမှုများကိုလည်း UNCTFMR နှင့် National Complaint Mechanism တို့ဖြင့်ပါ ဖြေရှင်းဆောင် ရွက်ပြီးဖြစ်၍ အဓမ္မခိုင်းစေမှုပပျောက်စေရေး အထူးအလေးထားဆောင်ရွက်နေမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ILO က အပြည့်အဝ ယုံကြည်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင်သည့် အာမခံအလုပ်သမားများသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါလတွင် ၁.၄၆ သန်းကျော် ရှိရာ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် တိုးတက်များ ပြားလာသည့် အာမခံအလုပ်သမားများအတွက် အကျိုးခံစားခွင့်များအား ထိရောက်မြန်ဆန်စွာ ပေးနိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ILO ၏ နည်းပညာအကူအညီ၊ မိတ်ဖက်အဖွဲ့ အစည်းများ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးအလုပ်သမားပပျောက်ရေးအတွက် အမေရိကန်အကူအညီဖြင့် ၅နှစ် စီမံကိန်း ၃ ကြိမ်၁၅နှစ်စီမံကိန်းဖြင့် ဒုတိယသမ္မတဦးဆောင်သော အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီ ၈ခုဖွဲ့စည်းပြီး ထိရောက်စွာ အကောင်အထည် ဖေါ် ဆောင်ရွက်လျက်ရှိပြီး ILO ရာပြည့်အထိမ်း အမှတ်အဖြစ် အနိမ့်ဆုံးအသက်ပြဌာန်းချက်အမှတ် ၁၃၈ကို လက်ခံကျင့်သုံးရေး လွှတ်တော်က အတည်ပြုပြီးဖြစ်ပါသဖြင့် formal ratification process ကိုဆောင်ရွက်နေပါကြောင်း။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိအခြေခံ အလုပ်သမားအဖွဲ့အစည်း ၂၈၀၀ ဖွဲ့၊ မြို့နယ်အလုပ်သမား အဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၄ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ၁ဖွဲ့၊ စုစုပေါင်းအလုပ်သမားအဖွဲ့အစည်း ၂၉၉၀ ဖွဲ့နှင့်အခြေခံအလုပ်ရှင် အဖွဲ့အစည်း ၂၇ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့၊ စုစုပေါင်း အလုပ်ရှင် အဖွဲ့အစည်း ၂၉ ဖွဲ့ ကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အကူအညီပေးကြသည့် ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်မိတ်ဖက်အဖွဲ့ အစည်းများနှင့် နိုင်ငံများကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအားလုံးမှ မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲရေး တွင် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအတွက် နည်းပညာနှင့်အထောက်အပံ့ ကောင်းများကို ဆွေးနွေးအဖြေရှာနိုင်ရန် နှင့် ထိထိရောက်ရောက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုစေ လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Greg Vines ၊ ဥရောပသမဂ္ဂ ဒုတိယဌာနကိုယ်စားလှယ် Ms. Eszter Nemeth၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. John Nielsen ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး မှ ဒုတိယသံအမတ်ကြီး Mr. George Sibley နှင့် UN Resident Coordinator မှ ယာယီဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Xiaojie Fan တို့က အသီးသီးအမှာစကား ပြောကြား ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်၊
ဆွေးနွေးပွဲတွင် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့်အလုပ်သမားဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄ ) ရက်နေ့မှ (၂၅)ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့်အလုပ်သမားဥပဒေပြင်ဆင်ရေးအမျိုးသားအဆင့်ပါဝင်သက်ဆိုင်သူများ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားစဉ်