အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              ဒီဇင်ဘာ ၂၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ စုဝေးခန်းမ၌ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဌာနအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်း ကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် “အလုပ်သမား ရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ် သမားဈေးကွက်ဆိုင်ရာ သတင်း အချက် အလက်များ စုဆောင်း ပြုစုရေး” ဆိုသည့် အချက်ပါဝင် ကြောင်း၊ လူဦးရေနှင့် ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲမှုလုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်း ကိန်းများ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအရ ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ဝန်ကြီးဌာနအားလုံး တစ်ပြေးညီ လက်ခံအသုံးပြုနိုင်ရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စဉ်ဆက် မပြတ် လုပ်ဆောင်ခဲ့ရာ ၁၉၉၇ ခုနှစ်မှစ၍ UNFPA အကူအညီဖြင့် နှစ်စဉ်ပြုစုထုတ်ဝေခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ နိုင်ငံတော် ဘတ်ဂျတ်ဖြင့် ဆက်လက် ထုတ်ဝေခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၃ ခုနှစ် လက်စွဲစာအုပ်အထိ (၂၃) ကြိမ်မြောက်အဖြစ် ပြုစု ထုတ်ဝေ ခဲ့ပြီးဖြစ်ကြောင်း၊

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများနှင့်ပတ်သက်၍ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ စာရင်းများ တောင်းခံဆောင်ရွက်လျက်ရှိရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်လွှမ်းခြုံ သော အညွှန်းကိန်းများကို အညွှန်းကိန်း များ လက်စွဲစာအုပ်တွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်စွဲစာအုပ် ပုံမှန်ပြုစုထုတ်ဝေခြင်းဖြင့် ယုံကြည်စိတ်ချရပြီး မှန်ကန်မှုရှိသော ကိန်းဂဏန်း အချက်အလက်များ အလွယ်တကူရရှိနိုင်ခြင်း၊ အညွှန်းကိန်းများကို အခြေခံ၍ နိုင်ငံရှေ့ရေးအတွက် ခိုင်မာသော မူဝါဒများ ချမှတ်နိုင်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်းနှင့် လူနေမှုအဆင့်အတန်းတို့ကို သိရှိနိုင်ခြင်းကြောင့် အညွှန်းကိန်းများလက်စွဲ စာအုပ် ပြုစုထုတ်ပြန်နိုင်ခြင်းသည် နိုင်ငံတော်၏ လူ့စွမ်းအားဆိုင်ရာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာနသည် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေး လုပ်ငန်းကို ဦးတည် ဆက်သွယ် သည့် ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး အခြားဝန်ကြီးဌာန ၂၁ ခုမှ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဦးစီးဌာနနှင့် အဖွဲ့ ၄၄ ခု၊ တက္ကသိုလ်/ကောလိပ် ၄ ခု၊ ကော်မတီ ၁ ခုနှင့် အသင်းအဖွဲ့ ၂ ခုတို့မှ လုပ်ငန်းအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင် များနှင့် စုစည်းညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တကွ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ ဦဆောင်း၍ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ် များက လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲ စာအုပ် ရေရှည်တည်တံ့စေရေးအဖွဲ့များခွဲ၍ ဆွေးနွေးသုံးသပ်ပြီး အကြံပြုချက်များရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၂၃-၂၀၂၄ ခုနှစ်) ထွက်ရှိနိုင်ရေး ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။