အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                      စက်တင်ဘာလ ၂၂

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်(၁၀:၀၀) နာရီတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်မှ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေး အဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန် မျှော်မှန်းချက်ဖြင့် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး (အက်ဥပဒေ) ကို ပြဋ္ဌာန်း၍ (၁-၁-၁၉၅၆) ရက်နေ့ မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခေတ်စနစ်နှင့်အညီ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို ပြင်ဆင်ရေးဆွဲ၍ ၁-၄-၂၀၁၄ ရက်နေ့မှ ယနေ့အထိ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ သက်တမ်းအားဖြင့် (၆၇) နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊

ယနေ့တွင် လူမှုဖူလုံရေးစီမံကိန်းကို လူမှုဖူလုံရေးဥပဒေနှင့်အညီ နိုင်ငံတော်၊ အလုပ်ရှင်နှင့် အလုပ်သမားတို့က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ် သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း၊ 

လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေ ရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမှီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များကို ဥပဒေနှင့်အညီ အမြန်ဆုံးပေးအပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် (၁၂၂) မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား (၁.၂၅) သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊

လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ (International Social Security Association-ISSA)၊ အာဆီယံလူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) တို့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ထိရောက်ကောင်း မွန်သည့် လူမှုဖူလုံရေး လုပ်ငန်းဆောင်ရွက်မှုများပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီ သည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ် များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများ နှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း (၂၆) ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း (၂၀) ခန်း တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ‌ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ (၂.၂၉) သန်းကျော် အား ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း၊

ထို့အပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမားဦး‌ရေ၏ ၅၀% ကျော်ခန့်သည် အမျိုးသမီးအာမခံအလုပ်သမားများဖြစ်သည့်အတွက် မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု အကျိုးခံစား ခွင့်များကို ခွင့်ပြုပေးနိုင်ရန် ဆေးဘိုးပြန်အမ်းမှုဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်၍ ဆေးဖိုး ကုန်ကျမှုများ ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ‌ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ အာမခံအမျိုး သမီးအလုပ်သမား (၁၁,၃၁၄) ဦးအတွက် ငွေကျပ်သန်း (၁,၂၉၅.၇၇၇) ကို ခွင့်ပြု ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည့်အပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမား များက တင်ပြလာသည့် အကျိုး ခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေး လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ငွေကျပ်သန်းပေါင်း (၅၄,၄၄၃.၅၀၁) ကို ခွင့်ပြု ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၊ အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များမှ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်တမ်းတင်ရန် အမှာစာများနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်အကြံပြုကြပြီးနောက် အစည်း အဝေးဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ယခုထက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိအကျုံးဝင် လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန် အိမ်နီးချင်းနိုင်ငံ များတွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများပြုလုပ်၍ လိုအပ်သည့် ပြုပြင်ပြောင်း လဲမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။