နေပြည်တော်
ဇွန် ၃၀။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)ကို ၃၀-၆-၂၀၂၂ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မှ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက Online မှတက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမား ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်မျှော်မှန်းချက်များ ချမှတ်၍ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစား ခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ် အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေး၊ ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး စသည့် ရည်မှန်းချက်(၉)ရပ်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ပြီး ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာ စေရန် မဟာဗျူဟာ ရည်မှန်းချက် ချမှတ်ကာ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေကို ပြဋ္ဌာန်း အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် အာမခံအလုပ်သမားများ၏ လူမှုစီးပွားဖူလုံစေရန် ပိုမိုထိရောက်သည့် အကျိုးခံစားခွင့်များ ပေးနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အသစ်ကို ရေးဆွဲပြဋ္ဌာန်း၍ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ သက်တမ်းအားဖြင့် (၆၆) နှစ်ကျော် ကာလသို့ ရောက်ရှိခဲ့ပြီးကြောင်း၊
လူမှုဖူလုံရေးစီမံကိန်းကို မြို့နယ်ပေါင်း (၁၁၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ပေါင်း (၁.၁၃) သန်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေး အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ ရုံးခွဲပေါင်း (၇၈) ရုံး၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း၊ တိုင်းရင်း ဆေးခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၅၇) ခန်းတို့ကို ဖွင့်လှစ်ထားရှိခြင်းအပြင် ကျန်းမာရေးဝန်ဆောင်မှုများကို ထိရောက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် စနစ်များအား လေ့လာပြီး ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့်ပူးပေါင်းပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်သည့် PPS စနစ်အရ (Fee for Service Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၁၂) ခန်းနှင့် (Capitation Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၂၄) ခန်းတို့ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ဖြေလျှော့ပေးမှုများအနေဖြင့် ထည့်ဝင်ကြေး ပေးသွင်းသည့် ကာလကို ယခင် (၃) လမှ ယခု (၆) လအထိ နောက်ဆုတ် ပေးသွင်းခွင့်ပြုခြင်း၊ ကပ်ရောဂါကြောင့် ယာယီပိတ်သိမ်းရသည့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ပွားနေစဉ်အတွင်း ဝင်ငွေရပ်ဆိုင်းခဲ့ရမှုအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ငွေကြေးအကျိုးခံစားခွင့် (၄၀%) ထောက်ပံ့ပေးခြင်း၊ (၁)နှစ်အထိ ဆေးကု သပေးခြင်း၊ ဆေးဖိုးနှင့် ခရီးစရိတ်များ တောင်းခံမှုကို အချိန်ကာလ (၆) လမှ (၁) နှစ် အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင် အာမခံအမျိုးသမီး အလုပ်သမားများအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အာမခံအလုပ်သမားများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံ အလုပ်သမားများကို ဥပဒေနှင့်အညီ ဆေးသက်သေခံလက်မှတ် (ဆ-၁) များ ထုတ်ပေး၍ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀% ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ပေးအပ်မှုအနေဖြင့် ကိုဗစ်-၁၉ 1st Wave ကာလအတွင်း ယာယီပိတ်ထားခဲ့သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၀၁၈) ဌာနမှ အလုပ်သမား (၈၅၇,၇၆၈) ဦးတို့အတွက် ငွေကျပ်သန်း (၂၁,၆၂၇.၆၃၉) ကိုလည်းကောင်း၊ 2nd Wave ကာလအတွင်းမှာလည်း စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၅၉၆) ဌာနမှ အလုပ်သမား (၇၇၈,၈၉၄) ဦးတို့အတွက် ငွေကျပ်သန်း (၄၉,၃၉၂.၈၅၅) ကိုလည်းကောင်း ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် အလုပ်ဌာနများမှ အာမခံအလုပ်သမားများကိုလည်း ဆက်လက် ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့အထိ ရှို့မီးကြောင့် မီးလောင်ဆုံးရှုံးခဲ့သော စက်ရုံ၊ အလုပ်ရုံ (၂၅) ရုံမှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား (၁၄,၆၀၃) ဦးအတွက် လုပ်ခ လစာ၏ ၄၀%ကို လူမှုဖူလုံရေးထောက်ပံ့ငွေအဖြစ် ကျပ်သန်း (၈၃၄.၉၄၀) ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း၊
လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများအား ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုအရှိန် အဟုန်မပျက်စေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံအများဆုံး တည်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်အားလုံးတို့တွင် အာမခံအလုပ်သမားအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မှ ယခင် (၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ဆုံးဖြတ်ရန် အမှာစာများကို ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အမြဲတမ်းအတွင်းဝန် တို့က တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးပြီးနောက် အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်လာကြသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့စိုး၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးသွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်းဝေ၊ စက်မှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင် တို့နှင့် Online မှ တက်ရောက်ကြသည့် မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့်စားသောက် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)မှ အထွေထွေအတွင်း ရေးမှူး ဒေါ်နန်းချယ်ရီသန်း၊ မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF)မှ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ဦးမြင့်စိုး၊ တံခွန်အားမာန် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအခြေခံအလုပ်သမား အဖွဲ့အစည်းမှ ဦးမောင်မောင်နိုင် တို့က အမှာစာများနှင့် ဆုံးဖြတ်ရန်အချက်များအား သုံးသပ် အကြံပြု ဆွေးနွေးတင်ပြကြပြီး ဆုံးဖြတ်ရန်အချက်များကို အတည်ပြုခဲ့ကြသည်။ ဆက်လက်၍ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် အဖွဲ့ဝင်ကိုယ်စားလှယ် များမှ လူမှုဖူလုံရေးအဖွဲ့၏ ရှေ့ဆက်သွားမည့် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများ အပေါ် ကောင်းမွန်သည့်မူဝါဒများ ချမှတ်နိုင်ရေး အပြုသဘောဆောင်သည့် အကြံပြုဆွေးနွေး မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် အဖွဲ့မှတင်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကိုရှေ့ရှုပြီး အတူတကွ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။